ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ မတ်လ ၁၀ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းသို့ စစ်ကောင်စီမှ စစ်ကြောင်း ၃ ကြောင်းဖြင့် နယ်မြေရှင်းလင်းရန် ထိုးစစ်ဆင်လာပြီး ယမန်နေ့မတ်လ ၁၀ ရက်တစ်ရက်အတွင်းတွင် အဆိုပါစစ်ကြောင်းများနှင့် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း Karenni Military Information Center မှထုတ်ပြန်ထားသည်။
ဒီးမော့ဆိုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် KA၊KNDF ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၀ ရက်နေ့တွင် ဒေါသဲရွာအတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးခဲ့ပြီး ဆက်လက်၍ဒေါတမြေးရွာ တောင်ပေါ်သို့တက်လာသည့် အဆိုပါစစ်ကြောင်းအား ကရင်နီတပ်မတော်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းတွေက လွိုင်ကော်၊ ဒီးမော့ဆိုဘက်က ဆရာ တစ်ကြောင်း၊ ဘောလခဲဘက်က ဆင်းလာတာကစစ်ကြောင်း ၂ ကြောင်း၊ စုစုပေါင်း ၃ ကြောင်းရှိတယ်။မတ်လ ၁၀ ရက်နေ့မှာပဲ ဒီးမော့ဆိုပြောက်ကျားတပ်နဲ့ ဘောလခဲဖက်ကတက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်” ဟု KMICပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒါ့အပြင် မတ်လ ၉ ရက်နေ့ကလည်း ဘောလခဲမြို့မှ ခမရ(၄၂၉) နှင့် အမှတ်(၇၇)ခြေမြန်တပ်ရင်းမှ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းမှာ ဒေါတမကြီးကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေသည့်အတွက် ဒေသခံရွာသား ၅၀၀၀ ကျော်မှာ စစ်ဘေးရှောင်စခန်းများသို့ပြေးလွှားရှောင်တိမ်းခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်အရသိရသည်။
“ဘောလခဲဖက်က စစ်ကြောင်း ၂ ကြောင်းတက်လာတာ ၇ ရက်နေ့ထဲကနေ။ အဲ့ဒီထဲက စစ်ကြောင်းတစ်ကြောင်းကနေ လမ်းမှာတွေ့တဲ့တောင်ယာခင်းထဲကသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ။ ၁၄ ယောက်ခေါ်သွားပြီး မိန်းမနဲ့ခလေး ၂ ယောက်ပြန်ကို ပြန်လွှတ်ပြီး ကျန်တဲ့ ယောကျာ်း ၁၁ ယောက်က ခုထိအဆက်သွယ်မရသေးဘူး။” ဟု Karenni Military Information Center တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီသည် ဒီးမော့ဆိုဘက်သို့ နယ်မြေရှင်းလင်းရေးပြုလုပ်ရန် ဖေဖော်ဝါရီလကတည်းကပင် လူအင်အား၊ လက်နက်အင်အားဖြည့်တင်းထားသည်ဟုသိရပြီး လက်ရှိတွင်ကောက်ယူရနိုင်သည့် စာရင်းများအရ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရသိရပါသည်။
#ကရင်နီ #KA #KNDF #စစ်ကြောင်းထိုး #စစ်ဘေးရှောင် #တိုက်ပွဲ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…