ဧရာဝတီတိုင်းမ်
မတ်လ ၁၁ ရက်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၇၀၀ ကျော် နေ့စဥ်မပြတ် ဆန္ဓဖော်ထုတ်ခဲ့သည့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် သပိတ်အင်အားစု ဦး ဆောင်ဆရာတော် ဦးအဂ္ဂဝံသကို စစ်ကောင်စီတပ်ဖွဲ့များမှ မတ်လ ၅ ရက်နေ့က မြင်းမူနယ်တွင် ၀င်ရောက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သူထံမှ သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဧရာ၀တီမြစ်ရိုးဘေးရှိ လက္ကပင်ရွာကို စစ်ကောင်စီ အင်အား ၁၀၀ ကျော်ပါသည့်စစ်ကြောင်း ၀င်ရောက်စီးနင်းချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်တပ်သတင်းပေးကြောင့်သာ အကုန်အဖမ်းခံရတာ။ နေရာအတိအကျနဲ့ကို ၀င်အဖမ်းခံရတာ။ မနက်ပိုင်း ယာယီတည်းခိုစခန်းကို ၀င်ဖမ်းတော့ ပြန်ပစ်ချိန် တောင်မရဘူး။ အဝေးက ကတည်းကပစ်ပြီး၀င်လာကြတာ။ အသက်မသေဖို့ကိုပဲ ဦးစားပေးပြီး ပြေးကြရတာ။ ရဲဘော်အချို့လည်း ဖမ်းပြီးသတ်ခံရတယ်။ ဆရာတော်ကိုလည်း ဖမ်းပြီး လူ၀တ်လဲပြီးတော့ အဲဒီ ဧရာ၀တီမြစ်ရိုးဘေးမှာပဲ အကုန်သတ်ထားခဲ့တာ”ဟု မြေပြင်တွင်တွေ့ကြုံခဲ့သည့် ရဲဘော်တစ်ဦးမှ ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထိုသို့ ၀င်ရောက်စီးနင်းသတ်ဖြတ်ခဲ့သည့် အဆိုပါစစ်ကောင် စီစစ်ကြောင်းသည် မတ်လ ၁ ရက်နေ့က စစ် ကိုင်းတိုင်း၊ တာတိုင်ကျေးရွာတွင် ရွာသားများနှင့် အမျိုးသမီး (၁၇) ဦးကို ဓားစာခံခေါ်ဆောင်သွားပြီးနောက် အစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့သည့် တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်းပင်ဖြစ် ကြောင်း သိရှိရသည်။
ဆရာတော်နှင့်နီးစပ်သူတစ်ဦးမှ “ဆရာတော် ဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရပါပြီ။ ဆရာတော်နဲ့ နောက်တစ်ပတ်ကြရင် ဆန်တွေပို့ပေးမယ်လို့ပြောထားတာ။ အဖမ်းမခံရခင်လေးကတင် ဖုန်းပြောဖြစ်ကြသေးတယ်။ တကယ်ကိုမယုံနိုင်ဘူး။ အခု၀င်ဖမ်းတဲ့ စစ် ကြောင်းက စစ်ကိုင်းတိုင်းမှာရှိတဲ့ ရွာတွေမှာ ပြည်သူ တွေကို အဓမ္မဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တပ်မ(၉၉)အောက် တပ်ဖွဲ့။ သူတို့က စစ်ကိုင်း ဘီလူးကွန်မန်ဒိုဆိုပြီးတော့ကို လူတွေကိုလိုက်သတ်နေတာ။ တွေ့တဲ့သူကိုသတ်တာ။ အရှင်လတ်လတ်ခေါင်းဖြတ်သတ်တယ်၊ ရက်ရက်စက်စက်ကို သတ်နေတာ”ဟု ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် သပိတ်ဦးဆောင် (၅၀၅) ဆရာတော် ဦးအဂ္ဂဝံသသည် မန္တလေးမြို့၊ ပြည် ကြီးတံခွန်မြို့နယ်၊ စိတ္တသုခ ပတ္တမြားကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ပြီး စစ်တပ်မှ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကြောင့် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကိုင်းတိုင်း၊ မြင်းမူနယ်တွင် တိမ်းရှောင်နေပြီး ယင်းနယ်မြေရှိ စစ်ရှောင်ပြည်သူများကို ကူညီပေး နေရာမှ ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကိုင်းတိုင်း၊ အရာ တော်နယ်ရှိ မင်းရွာ၊ မလဲသာ၊ ကန်ရင်း၊ မြင်းမူရှိ ကန်ရင်း စသည့်ကျေးရွာများသို့ ၀င်ရောက်စီးနင်းပြီး ရွာခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ယနေ့အချိန်ထိ အဆက်အသွယ်မရှိ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
၀င်ရောက်စီးနင်းခံရသည့်ရွာများထဲမှ ရွာခံတစ်ဦးမှ “စစ်ရှောင်နေတဲ့ပြည်သူတွေကိုလည်း ၀င်ဖမ်းသွားတယ်။ ပြောရမယ်ဆိုရင် တွေတဲ့သူကို ဖမ်းသွားပြီး သတ်ပစ်တာ။ သူတို့က ဓားတွေနဲ့ခုတ်၊ ပုဆိန်တွေနဲ့ အရှင်လတ်လတ်ခုတ်သတ်ပစ်တာ။ ပြီးရင် ဆိုင်ကယ် နဲ့တွဲပြီး ကြိုးနဲ့ချည်ပြီး မြေပေါ်တရွတ်ဆွဲနှိပ်စက်ပြီး မြစ်ထဲရေနှစ်သတ်ပစ်တာ။ ခုလက္ကပင်ရွာကို၀င်ဖမ်းတော့လည်း ဖမ်းမိတဲ့သူတွေကို မြစ်ရိုးထဲနှစ်သတ်ပြီး အလောင်းဖျောက်ထားခဲ့တာ”ဟု ဆိုသည်။
#ပြည်ကြီးတံခွန်ဆရာတော် #စစ်ကောင်စီတပ် #ဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။