ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မတ် ၁၀ ရက်
မတူပီမြို့နယ်၊ ထေဘွေးစခန်းသို့ လိုင်လင်းပီမြို့မှ အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်ကို CNA နှင့် CDF-Paletwa ပူးပေါင်းတပ်ဖွဲ့က မတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကြားဖြတ်ထပ်မံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ၁၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း CDF-Paletwaက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အင်အား ၈၀ ကျော်ဖြင့် မတူပီမြို့နယ်၊ ထယ်ဘွေ့စခန်းသို့ စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ လာကီချောင်းတနေရာတွင် CNA၊ CDF-Paletwa တပ်ဖွဲ့တို့က ၂ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
“မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကနေ အင်အား ၈၀ ကျော်ဝန်ကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေက မတူပီမြို့နယ်မှာပဲရှိတဲ့ ထေဘွေတပ်စခန်းကိုပဲ သူတို့အင်အားဖြည့်တင်းလာတာပေါ့။ အဲ့ဒီသွားတဲ့ လမ်းကြားထဲမှာ ကျွန်တော်တို့က ခြုံခိုပြီးမှ ကြားဖြတ်တိုက်တဲ့ သဘောပါပဲ။ တိုက်ပွဲအနေအထားကတော့ ကျွန်တော်တို့က ၂ ကြိမ်တိုက်ပြီ။ ပထမရက်မှာတော့ CDF-Paletwa အနေနဲ့ တိုက်တယ်။ ဒုတိယရက်မှာတော့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီးမှ CNA နဲ့ ပူးပေါင်းပြီးတော့ တိုက်တယ်။ ခြုံခိုပြီး တိုက်တာဆိုတော့ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်´´လို့ CDF-Paletwa တာဝန်ခံ ပေါလ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ပလက်ဝမြို့နယ် ကိန်းကန်းကုန်ကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီချောင်းလမ်းခုလတ်တွင် CDF-Paletwa က စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွင် ၅ ဦးသေဆုံးကာ ၁၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုလောလောဆယ်တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထေဘွေတပ်စခန်းထဲမှာတော့ အကုန်မဝင်နိုင်သေးဘူး။ တိုက်ပွဲအချိန်မရွေးထပ်မံဖြစ်ပွားနိုင်ပါတယ်။ စောင့်ကြည့်နေတဲ့ အနေအထားပါပဲ´´လို့ CDF-Paletwa တာဝန်ခံက ဆက်လက်ပြောဆိုသည်။
လိုင်လင်းပီမြို့မှ ထေဘွေးစခန်းသို့ အင်အားဖြည့်တင်းလာသော စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၊ ပထမအပတ်မှ စတင်ကာ မတူပီမြို့-ရေဇွာမြို့၊ ရေဇွာမြို့-လိုင်လင်းပီ၊ လိုင်လင်းပီ-ထေဘွေးစခန်းသို့ အင်အားအလုံးအရင်းဖြင့် လှည့်လည်စစ်ကြောင်းထိုးနေပြီး CNA၊ CDF-Zotung၊ CDF-Maraနှင့် CDF-Paletwaတို့နှင့် အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
#စစ်ကောင်စီတပ် #တပ်သားအချို့ထွက်ပြေး #သုံးဦးပြန်အဖမ်းခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။