ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ မတ်လ ၁၀ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ထိုင်း-ကရင်နီနယ်စပ်အနီး ဒေါတခဲစစ်ဒေသတွင် ယမန်နေ့ မတ်လ ၉ ရက် နံနက် ၆ နာရီဝန်းကျင်က ရိက္ခာပို့ဆောင်ရေးနှင့် လမ်းလုံခြုံရေးတာဝန်ယူလာသည့် စစ်ကောင်စီစစ်ကြောင်းအား ကရင်တပ်နီတပ်မဝောာ်(KA)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခမရ(၅၁၀)တပ်ရင်းမှ‌ ခြေလျင်စစ်‌ကြောင်းကို ၎င်းတို့၏ နယ်စပ်စခန်းသို့ မရောက်မီအချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး ဒေါတခဲစစ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံး၍ ဒဏ်ရာရရှိသူများရှိကြောင်း Karenni Military Information Center က ထုတ်ပြန်ထားသည်။

“အခုရိက္ခာပို့လာတာက ခြေလျင်စစ်ကြောင်းနဲ့လာတာ။ ရှားတောဘက်က ထွက်လာ တဲ့အဖွဲ့ပါ။ ကားလမ်းပေါက်ပေမဲ့ ကားတွေသွားလို့မရတော့ဘူး၊ လမ်းတွေပျက်စီးပြီး ပြိုကျပိတ်ဆို့တာတွေရှိနေလို့။ သူတို့(စစ်ကောင်စီတပ်)စစ်ကြောင်းစထွက်လာတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်တည်းကနေ တစ်ဆင့်တစ်ဆင့်နဲ့ လာတာ။ သူတို့က ရိက္ခာပို့တာတွေကို အရင်ဆုံး လမ်းလုံခြုံရေးယူပေးတဲ့စစ်ကြောင်းပေါ့” ဟု KMIC ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နယ်စပ်စခန်းသို့ ရိက္ခာပို့ဆောင်ရေးနှင့်လမ်းလုံခြုံရေး တာဝန်ယူရန် တာတမော့မှ ထွက်လာသည့် အဆိုပါစစ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း BP-9 တောင်ကုန်းအမှတ် ပွိုင့်-၃၂၂၂ အနီးတွင် ကရင်နီပြောက်ကျားတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ် ဦးသေဆုံးကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ရှားတော့နယ်အတွင်း တာတမောစခန်းမှ ဗျူဟာကုန်းသို့ ရိက္ခာပို့ရန်ဆောင်ရွက်နေသည့် အဆိုပါစစ်ကြောင်းကို KAနှင့်KNDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါး ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီ၏ ခမရ(၅၁၀)တပ်ရင်းမှ အဆိုပါစစ်ကြောင်းသည် လမ်းခရီးတွင် သုံးကြိမ် တိုက်ခိုက် ခံခဲ့ရပြီး သေဆုံးသူ ရှစ် ဦးအထိရှိလာပြီဖြစ်သည်ဟု Karenni Military Information Center က ထုတ်ပြန်ထားသည်။

#ကရင်နီပြည်နယ် #ခမရ၅၁၀ #KA #KNDF #တိုက်ပွဲ #Ayeyarwaddy_Times