ဧရာ၀တီတိုင်းမ်
မတ်လ ၁၀ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်ရှိ တော်လှန်ရေးအဖွဲ့များ ယာယီတည်းခိုသည့် စခန်းကို စစ်ကောင်စီမှ ၀င်ရောက်စီးနင်းခဲ့ရာ ရဲဘော် ၇ ကျဆုံးပြီး သပိတ်ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း PDF ရဲဘော်တစ်ဦးထံမှ သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ခန့်သည် စစ် ကြောင်း သုံး ကြောင်းခွဲ၍ အဆိုပါနေရာအား ၀င်ရောက် စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဘက်ကပြင်ဆင်ချိန်လုံး၀မရခဲ့ဘူး။ သတင်းပေးကြောင့် နေရာအတိ အကျသိပြီးလာတာ။ စစ်ကောင်စီတပ် သားတွေရယ်၊ ပျူအဖွဲ့တွေရယ်၊ သတင်းပေးတွေ ရယ် အင်အား ၁၀၀ ကျော်လောက်ရှိမယ်။ လက်နက်တွေလည်း အသိမ်းခံရတယ်။ ကျွန်တော်တို့ ကာကွယ်ရေးရဲဘော်တွေလည်း ဖမ်းပြီး အသတ်ခံလိုက်ရတယ်”ဟု ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သပိတ် ခေါင်းဆောင်တစ်ဦးကို လည်းဖမ်းဆီးခဲ့သည်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် သပိတ်ခေါင်းဆောင်မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန် စိတ္တသုခပတ္တမြားကျောင်းတိုက် တွင် သီတင်းသုံးနေထိုင်သည့် သပိတ်အင်အားစု ဦးဆောင် ဆရာတော် ဦးအဂ္ဂဝံသ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ဆရာတော် ဦးအဂ္ဂဝံသသည် စစ်တပ်မှအာဏာသိမ်းပြီးချိန်မှစတင်၍ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး ညသပိတ်များကို ဦးဆောင်ဆန္ဒပြခဲ့သည့် ဆရာတော်ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် ရဲဘော် ခုနစ် ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ လက်နောက်ပြန် ကြိုးများတုပ်၍ ဧရာ၀တီမြစ်ရိုးထဲသို့ရေနှစ်သတ်ကာ ဆရာတော်ကို လူ၀တ်လဲခိုင်းကာ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က သတ်ဖြတ်၍ ကျဆုံးခဲ့သည့်ရဲဘော်များမှာ မြောင်-မြင်းမူ ဇာမဏီ၊ နွေဦးတံခွန် PDF၊ ငါန်းဇွန်းမီးနဂါး၊ TGR PDF တပ်ဖွဲ့၀င်များ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီးနောက် ဆရာတော် ဦးအဂ္ဂဝံသ၏ အခြေအနေအသေးစိတ်ကို မသိရှိရဘဲ အဆက်အသွယ်ပြတ်လျက်ရှိကြောင်း လက္ကပင်ရွာဒေသခံများထံက သိရသည်။
“စစ်တပ်သတင်းပေးကြောင့် အကုန်ဖမ်းခံလိုက် ရတာ။ ရှောင်ချိန်တောင်မရကြဘူး။ ဆရာတော်က ဒီမှာ လာရှောင်နေတာ။ PDF ရဲဘော်တွေကိုလည်း ဖမ်းပြီးသတ်သွားတယ်။ စခန်းလည်းသိမ်းခံလိုက်ရ တယ်လို့ သိရတယ်”ဟု လက္ကပင်ရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ စီးနင်း၀င်ရောက်မှုကြောင့် ၉-မမပစ္စတို တစ်လက်၊ (၇၉)လက်လုပ် တစ်လက်၊ ၉-မမတစ်တောင့်ထိုးနှစ်လက်၊ ဒရုန်းတစ်စီး၊ အီနာဂါအလုံး ၂၀၊ လက်လုပ်သေနတ် ၁၀ လက်၊ ပိုက်ဆံသိန်း ၂၀၀ နီးပါးနှင့် ကျည်ကာ တစ်ထည်၊ ယူနီဖောင်း သုံးစုံ၊ ဖုန်းများ၊ ကျည်တောင့် ၅၀ နှင့် ဆိုင်ကယ် ၁၀ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #မြောင်နှင့်မြင်းမူ #လက္ကရွာ #တော်လှန်ရေးတပ်ဖွဲ့ဝင်များ #စစ်ကောင်စီတပ် #ဖမ်းဆီးသတ်ဖြတ် #ပြည်ကြီးတံခွန်သပိတ်ဆရာတော် #ဖမ်းဆီး #Ayeyarwaddy_Times