ဧရာဝတီတိုင်းမ်
မတ်လ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က စစ်ကောင်စီရဲ့ တပ်တစ်ခုဖြစ်တဲ့ အမှတ်(၂၇၁)ခြေလျှင်တပ်ရင်း က တပ်ဖွဲ့၀င်တစ်ချို့ မတ်လ ၇ ရက်နေ့က ထွက်ပြေးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ရှာဖွေတာတွေပြုလုပ်ခဲ့တာကြောင့် ကန်ကြီးထောင့်မြို့နယ်မှာ ၃ ဦးပြန်လည် ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေကပြောပါတယ်။
“ပြေးတာတော့ လက်နက်မပါဘူး ဒီတိုင်းပြေးတာ လို့သိရပါတယ်၊ စစ်ပြေး၃ယောက်ကို ခုရက်ပိုင်းအတွင်းမှာပဲ ကန်ကြီးထောင့်မြို့ အနောက်စုကျေးရွာ ကလယ်ကွင်းတွေထဲမှာပြန်မိသွားတယ်”လို့စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
စစ်ကောင်စီတပ်သား စုစုပေါင်း ၁၆ ဦး ထွက်ပြေး သွားတယ်လို့ တပ်တွင်းနီးစပ်သူများထံကနေ သတင်းများထွက်ပေါ်နေပေမယ့် ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ငပုတောမြို့နယ် ထိပ်စွန်းဒေသမှာ ခလရ ၂၇၁ တပ်ရင်း ကတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံးကာပစ်ခတ်သွားတဲ့ တပ်သားကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
ခလရ(၂၇၁)တပ်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရဲ့တပ်ရင်းတစ်ရင်းဖြစ်ပြီး ပုသိမ်မြို့အပြင် ငပုတောမြို့နယ်ကျောက်က္ကလပ် ထိပ်စွန်းဒေသမှာပင်လယ်ပြင်နဲ့ နယ်မြေစိုးမိုးရေးအတွက် တပ်ခွဲအဖြစ်စခန်းချထားတဲ့ တပ်တစ်ခုလို့သိရပါတယ်။
#စစ်ကောင်စီတပ် #တပ်သားအချို့ထွက်ပြေး #သုံးဦးပြန်အဖမ်းခံရ #Ayeyarwaddy_Times