နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်ပြီးနောက် လက်နက်တပ်ဆင် ထုတ်လုပ်ရေးအတွက် NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းခဲ့သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ပင်းပက်ဒေသ၊ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) ပင်းပက်သံမဏိစက်ရုံကို ရုရှားနှင့်အတူ ပူးပေါင်း၍ ပြန်လည်လုပ်ဆောင်လာကြောင်း သိရသည်။
ပင်းပက်သံမဏိစက်ရုံသည် တောင်ကြီးမြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ ပင်းပက်တောင်ရှိ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္တုသိုက်အနီးတွင် တည်ရှိကာ ၎င်းကို ရုရှားအစိုးရပိုင် Tyazhpromexport (TPE) နှင့် မြန်မာစစ်တပ်၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အကြား ပူးတွဲပရောဂျက်အဖြစ် ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့သည်။ အဆိုပါ ပရော့ဂျက်ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနထံ လွှဲပြောင်း၍ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ပင်းပက်သံမဏိစက်ရုံ၏ ပထမအဆင့်သည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း ငွေကြေးဆုံးရှုံးမှုများကြောင့် NLD အစိုးရက ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပင်းပက်သံမဏိစက်ရုံ လည်ပတ်မှုကို ဆိုင်းငံ့ခဲ့ရာ ပင်းပက်မှ ထုတ်လုပ်သည့် သံကြမ်းများကို ပေးပို့ရသော မြင်းခြံစတီးစက်ရုံသည်လည်း လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပင်းပက်သံမဏိစက်ရုံသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ခဲ့ပြီး ပြည်တွင်းသံမဏိ လိုအပ်ချက် အကြောင်းပြချက်ဖြင့် ပြန်လည်လည်ပတ်ရန် အမိန့်ပေးခိုင်းစေခဲ့၍ အောက်တိုဘာ ၄ ရက်နေ့မှစတင်ကာ ပြန်လည်လုပ်ဆောင်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ယခု ၂၀၂၃ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ပင်းပက်သံမဏိစက်ရုံသို့ ထပ်မံရောက်ရှိလာပြီး အဆိုပါစီမံကိန်းအား ငွေကြေး အခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှ အကောင်အထည် ဖော်ဆောင် ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ် နားလည်မှုနှင့် မဟာဗျူဟာမြောက် အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့၍ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရသည်ဟု ပြောဆိုခဲ့သည်။
“အခုလက်ရှိက အဲဒီဘက်မှာ ချောင်းရေကို အဓိကမှီခိုပြီးတော့မှ စိုက်ပျိုးရေး လုပ်နေသူတွေ ရှိတယ်။ အဲဒီချောင်းရေနဲ့ ပတ်သက်ရင်တော့ အညစ်အကြေး စွန့်တဲ့ဟာမျိုးတွေက တောင်သူတွေအတွက် ရေအဆိပ်အသောက်ဖြစ်တဲ့ ပိုပြီးခက်ခဲမှုတွေ၊ ရင်ဆိုင်ကြုံတွေ့နေရတာတွေ ရှိတယ်။ အဲဒီဘက်က တောင်တွေကိုလည်း စစ်ကောင်စီ သိမ်းထားတဲ့ ပုံစံပြန်ဖြစ်တယ်။ အဲဒီတော့ တောင်ကိုမှီခိုသူတွေက အသုံးပြုလို့မရတော့တဲ့ အခြေအနေတွေကို ပြန်ကြုံလာတယ်။ ပြီးတော့ အဲဒီဒေသတွေမှာ လုံခြုံရေး ပိုတင်းကျပ်လာတယ်” ဟု ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနိုင်ငံမှ Tyazhpromexport ကုမ္ပဏီနှင့် အီတလီကုမ္ပဏီ Danieli တို့ဖြင့် ပူးပေါင်း၍ ပင်းပက်နှင့် မြင်းခြံစီမံကိန်း နှစ်ခုစလုံးကို ပြန်လည်အသက်သွင်းခဲ့ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်က ထုတ်ပြန်ချက်ခဲ့သည့် Shan State Frontline Investment – SSFIM ၏ အစီရင်ခံစာအရ သိရသည်။
“အဲဒီပင်းပက်သံမဏိစက်ရုံက သံမဏိဆိုတာထက် ယူရေနီယံကို တူးဖော်ထုတ်လုပ်တဲ့ အခြေအနေမျိုးမှာ ရှိနိုင်မလား။ ရုရှားနဲ့ အဓိကလုပ်တဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်။ မင်းအောင်လှိုင် ရုရှားကို သွားပြီးတွေ့ဆုံဆွေးနွေးမှုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ယူရေနီယံကိစ္စအကြောင်း ပြောဆိုတာတွေ ပိုပြီးများလာတယ်။ တကယ်လို့သာ ဒီစီမံကိန်းက ယူရေနီယံကိစ္စ၊ နျူကလီးယားကိစ္စ၊ လက်နက်ကိစ္စနဲ့ စပ်ဆက်နေ တယ်ဆိုရင်တော့ ဒါဟာ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ပိုပြီးအန္တရာယ်များလာနိုင်မယ်” ဟု PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် စီမံကိန်း၏ ၉၈.၈၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သော်လည်း စီမံကိန်းပြန်လည် စတင်နိုင်ရန် မီးရထားလမ်းနှင့် တည်ငြိမ်သော ဓာတ်အားပေးလိုအပ်ချက်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆက်လက်ဖော်ဆောင်သွားရန်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မကွေးမြို့ရှိ လက်ရှိသွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပင်းပက်နှင့် ဆက်သွယ်ကာ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်းများ စတင်ခဲ့ပြီး ၁၈၅ မိုင် မကွေး-ပျော်ဘွယ်-ပျဉ်းမ-ပြည်ညောင် ပိုက်လိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဖော်ပြခဲ့သည်။
“ရထားလမ်းတွေတော့ ဖောက်နေပြီပေါ့။ စီမံကိန်းလည်း စနေပြီ။ အရင်တုန်းကတော့ NLD အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားခဲ့တဲ့ စီမံကိန်းထဲမှာ ပါတယ်။ စကစ တက်လာပြီး နောက်ပိုင်းမှာတော့ ပြန်ပြီး လည်ပတ်တယ်။ ကျောက်မီးသွေးတွေ ပြန်သယ်နေတယ်။ ပြီးတော့ စီမံကိန်းဧရိယာတွေ တိုးချဲ့တယ်။ မြေယာသိမ်းဆည်းမှုတွေ ပြန်လုပ်တယ်။ မြေယာလျော်ကြေးပေးတဲ့ အချို့ပိုင်းလေးတွေ ပြန်လုပ်တာရှိတယ်။ အခုလော လောလတ်လတ် ရထားလမ်း ဖောက်နေတယ်ပေါ့နော်။ ပြီးရင် ရုရှားဘက်က ဝန်ထမ်းတွေ၊ ခေါင်းဆောင်တွေနဲ့လည်း သူတို့(စကစ) အလွတ်သဘောဆွေးနွေးမှုတွေ မကြာမကြာလုပ်တာတော့ ရှိတယ်” ဟု PNFC အထွေထွေအတွင်းရေးမှူး ခွန်ဝါးက ဆိုသည်။
စစ်ကောင်စီသည် ပင်းပက်မှ ထွက်ရှိသော သံစိမ်းကို မြင်းခြံသံမဏိစက်ရုံသို့ တိုက်ရိုက်ပေးပို့နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် လက်ရှိညောင်ရွှေ-နမ့်ဆန် မီးရထားလမ်းမှ ခြောက်မိုင် ရှည်လျားသည့် ရထားလမ်းသစ်ကို စတင်ဖောက်လုပ်ခဲ့သည်။ အဆိုပါ မီးရထားလမ်းသစ်အတွက် မြေ ၂၈၇ ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်သမားများသည် လျော်ကြေးငွေ တစ်ဧကလျှင် ကျပ် ၅ သိန်းနှင့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးထားသည့် သုံးနှစ်အတွင်း သီးနှံရောင်းရငွေတန်ဖိုးကို အတင်းအကြပ် လက်ခံခဲ့ရကြောင်း SSFIM ၏ အစီရင်ခံစာအရ သိရသည်။
ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံနှင့် အထက်ကျိုင်းတောင်း ရေကာတာစီမံကိန်းများ ပြီးစီးပါက အဆိုပါနေရာများမှ လျှပ်စစ်ဓာတ်အားကို ပင်းပက် သံမဏိစက်ရုံအတွက် ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းကို ပြန်ပြီးလည်ပတ်မယ်ဆိုရင်တော့ အဓိက ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာက လက်နက်တပ်ဆင်ရေး ကိစ္စရပ်တွေ၊ လက်နက်ထုတ်လုပ်ရေး ကိစ္စရပ်တွေ ပါတယ်ဆိုတဲ့ အခြေအနေမျိုးပါ။ လက်နက်ထုတ်လုပ်ရေး ကိစ္စရပ်တွေကို သူတို့(စကစ)ဘက်က ပြန်လည်ပြီး ထုတ်လုပ်နိုင်ဖို့ပါ။ အရင်တုန်းကတော့ ရုရှားနဲ့က တက်တက်ကြွကြွ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ်။ ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပိုပြီးပူးပေါင်း ဆောင်ရွက်မှု ပိုတိုးလာတဲ့ ကိစ္စရပ်တော့ဖြစ်တယ်ပေါ့” ဟု PNFC အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပင်းပက် သံမဏိစက်ရုံသည် လက်ရှိအချိန်ထိ စီမံကိန်း အလုပ်ရုံ ၂၂ ရုံအနက် ၁၉ ရုံကို ဝန်မပါ စမ်းသပ်လည်ပတ်နိုင်ခဲ့ပြီး စီမံကိန်းအကောင်အထည်ဖော်မှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က စစ်ကောင်စီထုတ် သတင်းစာတွင် ဖော်ပြထားသည်။
#ရှမ်းပြည်နယ် #တောင်ကြီးမြို့ #ပင်းပက်သံမဏိစက်ရုံ #မင်းအောင်လှိုင် #ရုရှား #လက်နက်တပ်ဆင်ထုတ်လုပ် #ပြန်လည်လုပ်ဆောင် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…