ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၁၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာရုတောင်ရွာနှင့် စုံနံ့သာရွာအကြားရှိ ခံသင်းတံတားစစ်ဆေးရေးဂိတ်အား ယနေ့မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်စီးနင်းနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
ရေး-မော်လမြိုင် ကားလမ်းမပေါ်ရှိ ခံသင်းတံတားဘေးရှိ အင်အား ၁၅ ဦးဝန်းကျင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတစ်ခုအား လက်ဦးမှုရယူ၍ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးဝန်းကျင်သေဆုံးခဲ့ပြီး စခန်းအားမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
“ခံသင်းတံတားဘေးက ကင်းစခန်းက အာဏာမသိမ်းခင်က မွန်ငြိမ်းချမ်းရေးအဖွဲ့နေဂိတ်ကြေးကောက်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်သားတွေနေပြီး ပိုက်ဆံကောက်တဲ့ ကင်းစခန်းပါ။ ကျွန်တော်တို့လက်ဦးမှု ရယူပစ်တော့ ၅-၆ယောက်လောက်ပဲ သေတာအတည်ပြုနိုင်တယ်။ ကျန်တာတွေကထွက်ပြေးသွားတယ်။”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစခန်းအား အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သော်လည်း ခမရ(၃၄၃)တပ်ရင်း၊ ခမရ(၅၈၆) တပ်ရင်း၊ ခမရ(၅၈၃)တပ်ရင်းများမှ လက်နက်ကြီးပစ်ကူ အချက် ၂၀ ကျော်ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ကောက်ယူသိမ်းနိုင်ခြင်းမရှိပဲ လုံခြုံစွာပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ရေးဘီလူးအဖွဲ့သည် မတ်လ ၇ ရက်နေ့ကလည်း ရေးတံတားကြီးစစ်ဆေးရဂိတ်စခန်းအား ရေးဘီလူးအဖွဲ့၏ တတိယမြောက်ဒရုန်းစစ်ဆင်ရေးအနေဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ- ရေးဘီလူးအဖွဲ့သားများ
#ရေးဘီလူး #စစ်ဆေးရေးဂိတ် #ခံသင်းတံတား #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။