နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၁၀ ရက်
မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသည့် ကြေးနီတင်ဆောင်လာသော စစ်ကောင်စီ၏ ၁၂ ဘီးယာဉ်တန်း ၁၂ စီးအား ယနေ့ မတ်လ ၉ ရက်၊ နေ့လည်ပိုင်းက PDF ပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဝင်ငွေလည်ပတ် စီးဆင်းမှုကိုပိတ်ဆို့သည့်အနေဖြင့် အဆိုပါယာဉ်တန်း၏ ၅ စီးမြောက်ကို နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြားတွင် အထူးထုတ် မိုင်းဘီးလူးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)တပ်ဖွဲ့ထံမှ သိရသည်။
“ကြေးနီကားတွေကို ကျွန်တော်တို့က စစ်ကောင်စီရဲ့ ဝင်ငွေဒေါက်တိုင်တွေကို ဖြိုလဲတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တယ်။ နောက်ပြီး စစ်ကားတွေကိုလည်း တိုက်ခိုက်ခဲ့တယ်။ ကားတွေမလာခင်ကတည်း သူတို့က ကင်းပုန်းတွေ ရက်ရက်စက်စက် ချထားတာ။ မိုင်းတွေကုန်သွားလို့ ကျွန်တော်တို့ ဆက်မလုပ်နိုင်တော့တာပါ” ဟု PAFD တပ်ဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထိုတိုက်ခိုက်မှုနှင့် တစ်ချိန်ထဲတွင် မုံရွာဘက်မှ စစ်ကိုင်းဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီယဉ်တန်း ၃၀ စီးအနက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအပြည့်ပါလာသော ၁၂ စီးမြောက်ကားကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေ့လည် ၃ နာရီ ၅၀ မိနစ်ခန့်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြား၌ စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်း ၅ လုံးဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီကားများ ပျက်စီးခဲ့ကာ သေဆုံးမှုလည်း များပြားနိုင်ကြောင်းနှင့် တော်လှန်ရေး ရဲဘော်များဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PAFD တပ်ဖွဲ့က ဆိုသည်။
စစ်ကောင်စီကားများမှာ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်ထိ ဆက်လက်ဖြတ်သန်း သွားလာနေသော်လည်း တော်လှန်ရေး ရဲဘော်များဘက်မှ အလှုငွေရရှိမှု နည်းပါးခြင်း၊ မိုင်းကုန်ကြမ်း နည်းပါးနေခြင်းများကြောင့် ယင်းကားများအား ထပ်မံတိုက်ခိုက်ခြင်း မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါရန် PAFD တပ်ဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုပန်ကြားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU) ၊ People’s Knight Defense Force Myinmu (PKDF.MMU) ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မုံရွာ #စစ်ကောင်စီကြေးနီးသယ်ကား #တိုက်ခိုက်ခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။