ဧရာဝတီတိုင်းမ်
မတ်လ ၁၀ ရက်
မလေးရှားနိုင်ငံက မြန်မာ့နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ဖို့ အပြီးသတ်အဖြေတစ်ခုရှာဖွေရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆရီဇမ်ဘာရီကာ ဒါက ပြောပါတယ်။
မြန်မာ့ပဋိပက္ခကို မလေးရှားနိုင်ငံတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းဖို့ မလိုအပ်ဘဲ မြန်မာ့အရေးဟာ အာ ဆီယံအဖွဲ့နဲ့သက်ဆိုင်တာကြောင့် အားလုံးပါဝင်တဲ့ အဖြေရှာဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
“မြန်မာ့အရေးဟာ အလွန်ကို ရှုပ်ထွေးတယ်လို့ ကျွန်တော်တို့ နားလည်တာကြောင့် အခြား အင်အားကြီး တိုင်းပြည်တွေက နောက်ကျမှသာ ကြားဝင်ဖျန်ဖြေဖွယ်ရှိပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ မလေးရှားနဲ့ အာဆီယံနိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်အရေးယူဖို့ ပြင်ဆင်ထားခြင်း ရှိ မရှိ လွှတ်တော်အမတ်တစ်ဉီးရဲ့ မေးမြန်းမှုကို ဇမ်ဘာရီက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရှိ စစ်ကောင်စီကို အသိအမှတ်မ ပြုဘူးဆိုတဲ့ မလေးရှားနိုင်ငံရဲ့ရပ်တည်ချက်ကို ဇမ်ဘာရီက ထပ်လောင်းပြောကြားပါတယ်။
“မြန်မာနိုင်ငံရဲ့ တာရှည်နေပြီဖြစ်တဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ပတ်သက် လို့ မလေးရှားနိုင်ငံက အလွန်ကို စိုးရိမ်မိပါတယ်” လို့ သူက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ စိတ်ကျေနပ်ဖွယ်အဆင့်ကို မရောက်ရှိခဲ့ပေမယ့် ပဋိပက္ခအတွက် အဖြေတစ်ခုရှာရာမှာ မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို ဆက်လက်ကူညီမှာဖြစ်ပါတယ်လို့ သူ ထပ်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်နေပေမယ့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကတော့ ဖွင့်လှစ်ထားဆဲဖြစ်ကာ တိုင်းပြည်ရဲ့အခြေအနေတွေကို သတင်းထုတ်ပြန်နေတယ်လို့ ဇမ်ဘာရီက ပြောပါတယ်။
“မြန်မာက အာဆီယံအဖွဲ့ဝင်ဖြစ်တာကြောင့် မြန်မာ့အရေးက အာဆီယံအဖွဲ့ဝင်တွေအပေါ် သက်ရောက် မှုရှိစေတယ်” လို့ စစ်ကောင်စီကို အသိအမှတ်မပြုတဲ့ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကြောင့် နှစ်နိုင်ငံကြား ဆက် ဆံရေးကို ထိခိုက်ခြင်းရှိ မရှိ လွှတ်တော်အမတ် အာမက်ဇာဒီရဲ့ မေးမြန်းချက်ကို ဇမ်ဘာရီက တုံ့ပြန်ပါတယ်။
ကိုးကား – Malay Mail
Ref; Malaysia will continue engagement with Asean members to find solution to Myanmar crisis