မတ်လ ၉ ရက်
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်သည် စစ်ကောင်စီ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ပါ၀င်လုပ်ကိုင်မည်ဖြစ်၍ ပြန်လွှတ်ပေးရန် စစ်ကောင်စီဥက္ကဋ္ဌထံ အသနားခံ စာတင်ထားကြောင်း သိရသည်။
ဦးစိုးထွန်းရှိန်သည် နိုင်ငံသို့ပေးရန် ရွှေကြွေးကျန်များ မပေး၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် သတ္တုတွင်း၀န်ကြီးဌာနမှ တရားလိုပြုလုပ်ကာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့မရဲစခန်းတွင် အမှုဖွင့် တရားစွဲ ဆိုထားစဉ် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
တရားခံပြေး ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့တွင် မန္တလေးမှတဆင့် ရမည်းသင်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ် သည်။
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်းအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ရွှေသူဌေး ဦးစိုးထွန်းရှိန်သည် ယနေ့ မတ်လ ၉ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ အသနားခံစာတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသနားခံစာတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ အနေဖြင့် စစ်ကောင်စီ ဦးဆောင်သည့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ပါ၀င်လိုပြီး ပါ၀င်ဆောင်ရွက်ခွင့်ရရှိရန်အတွက် လက်ရှိစွဲဆိုထားသည့် အမှုများကို ပြန်လည်ရုပ် သိမ်းပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၎င်းလွတ်မြောက်လာပါက နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ၊ အမျိုးဘာသာ သာသနာလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားမည် ဟုလည်း အသနားခံစာတွင် ပါရှိသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်သည် နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိဿာ ၁၂၉၃ ပိဿာ ပေးသွင်းရန်ကျန်ရှိခြင်း၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်များကို မလိုက်နာခြင်းတို့ဖြင့် တရားစွဲဆိုခံထားရသော်လည်း စစ်ကောင်စီ လက်ထက်တွင် အမှုတစ်မှုကို အပြီးပြတ်စေလွှတ်ပေးခဲ့သည်။
ဦးစိုးထွန်းရှိန်သည် ရမည်းသင်းအကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်သည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ ၃ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်၍ ပြန်လည်သုံးသပ်၍ လွှတ်ပေးရန် စစ်ကောင်စီထံ အသနားခံစာတင်ခဲ့ခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်သည် NLD အစိုးရလက်ထက် ၂၀၁၇ခုနှစ်တွင် တရားမ၀င်ဟု ဆိုကာ သံဃမဟာနာယကအဖွဲ့မှ ပယ်ဖျက်ခဲ့သည့်အမျိုးဘာ သာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘ သ)ကို ငွေကြေးများထောက်ပံ့ပေးထားသူ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းဖမ်းဆီးခံရပြီးနောက် စစ်တပ်မှအာဏာသိမ်းပြီးချိန်တွင် မဘသအဖွဲ့၀င် များနှင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့က ဦးစိုးထွန်းရှိန်အား ပြန်လည် လွှတ်ပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
#ရမည်းသင်း #မိုးထိမိုးမိ #အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ #ဦးစိုးထွန်းရှိန် #ထောင်မှလွှတ်ရန် #စစ်ကောင်စီ #အသနားခံစာတင် #Ayeyarwaddy_Times