ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ မတ်လ ၁၀ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ညောင်ပင်ကြီးကျေးရွာသို့ ယမန်နေ့ မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ လေး ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင်ဆိုင်ကယ် များကိုလည်း စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ ပုဇွန်မြောင်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုကြောင့် သိုက်တူးကုန်းကျေးရွာမှ ပြည်သူ နှစ် ဦး၊ ကွင်းဒလကျေးရွာမှ ပြည်သူ တစ် ဦးနှင့် ဝိုင်းကျေးရွာမှ ပြည်သူ တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရခဲ့ကြောင်းဒေသခံများထံက သိရသည်။

“ညောင်ပင်ကြီးရွာဘက်က ပြည်သူ လေး ဦးလက်နက်ကြီးထိမှန်ခဲ့တယ်။ ဝိုင်းကျေးရွာ ကပြည်သူက မတ်လ ၇ ရက်နေ့မှာထိခဲ့တာ။ ထွက်ပြေးတဲ့ ပြည်သူဆိုင်ကယ်တွေကို တမင်သက်သက်မီးလာရှို့ကြတာ။ တိုက်ပွဲကမဖြစ်ပါဘူး၊ စစ်တောင်းမြစ်အရှေ့ဖက်က ရွာတွေမှာ PDF၊ EROs ပူးပေါင်းတပ်တွေရောက်နေတယ်ဆိုပြီး ရမ်းပစ်နေတာပါ” ဟု ညောင်လေးပင်(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ကောင်စီတပ်သားများက လုယူ၍မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကျန်ရစ်ခဲ့သည့် ပြည်သူပိုင်နေအိမ်များအား သော့ရိုက်ဖွင့်၍ ပစ္စည်းများ ခိုးယူသွားကြောင်း သိရသည်။

ညောင်ပင်ကြီးကျေးရွာမှ အိမ်ခြေ(၃၉၇)အိမ်ရှိ ဒေသခံပြည်သူ ၁၆၀၀ နီးပါးမှာ အိုးအိမ်စွန့်ခွာ၍ ရွှေကျင်မြို့နယ်နှင့်ညောင်လေးပင်မြို့နယ်အတွင်းရှိ နီးစပ်ရာဆွေမျိုးများ ရှိရာ ဒေသများတွင် စစ်ဘေးရှောင်နေရကြောင်းလည်း ဒေသခံများထံက သိရသည်။

#ပဲခူးတိုင်း #ရွှေကျင်မြို့ #ညောင်ပင်ကြီးကျေးရွာ #စစ်ဘေးရှောင် #မီးရှို့ #လက်နက်ကြီးပစ်ခတ် #၄ဦးဒဏ်ရာရ #Ayeyarwaddy_Times