ဧရာ၀တီတိုင်းမ်
မတ်လ ၉ ရက်
အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်အင်အားအများအပြားဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ယာဉ်တန်းဖြင့် ချီတက်လာနေပြီး ၎င်းတို့ချီတက်နေဆဲကာလတွင် ဖလမ်းနှင့်ကလေး ဆက်သွယ်ထားသောကားလမ်းအား ဒေသခံများ အသုံးပြုသွားလာခွင့် ပိတ်ထားကြောင်း သတင်းရရှိသည်။
“စစ်တပ်က ဖလမ်းကို ချီတက်လာနေတယ်။ အခုလမ်းမှာ ရောက်နေပြီ။ ကလေး-ဖလမ်း ကားလမ်းကိုလည်း ဒေသခံတွေ သွားလာခွင့်ပိတ်ထားတယ်။ သူတို့စစ်တပ်က ကားတွေကလွဲရင် တခြားဘယ်ကားကိုမှ သွားလာခွင့် မပေးဘူး။ အခု ညပိုင်းအထိတော့ ဖလမ်းကို မရောက်သေးဘူး”ဟု ဖလမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖလမ်းမြို့သို့ ချီတက်လာသော စစ်ယာဉ်တန်းတွင် စစ်ကား အစီး ၂၀ ခန့်ပါဝင်ပြီး စစ်သည်အင်အား ရာနှင့်ချီ၍ ရှိနိုင်ကြောင်း ဖလမ်းဒေသခံများက ခန့်မှန်းပြောဆိုသည်။
“စစ်တပ်က ကားလမ်းပိတ်ထားတော့ အကုန်လုံးဒုက္ခရောက်ကြတယ်။ ပြီးတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမလားဆိုပြီး စိုးရိမ်နေကြတာလည်း ရှိတယ်”ဟု ဖလမ်းမြို့အနီးရှိ ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်းနယ်စပ်ရှိ ကလေးမြို့မှ ဖလမ်းမြို့သို့ ကားဖြင့်သွားပါက ပုံမှန်အားဖြင့် ၄ နာရီသာ ကြာမြင့်သည်။ ဖလမ်းမြို့သို့ ချီတက်လာသည့် စစ်ကောင်စီယာဥန်တန်းမှာ ဒေသခံ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – CNDF ၏ မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့သည့်အတွက် ကလေးနှင့် ဖလမ်းကားလမ်းတလျှောက် မိုင်းရှင်းလင်းမှုများပြုလုပ်၍ နာရီပေါင်းများစွာကြာအောင် ချီတက်နေရကြောင်း ဒေသခံများထံက သိရသည်။
(ဓာတ်ပုံ – ၂၀၂၁ ခုနှစ်အတွင်းက ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဥ်တန်းအားမြင်တွေ့ရစဥ်။)
#ဖလမ်း #ကလေး #CNDF #ကားလမ်းပိတ် #Ayeyarwaddy_Times