ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ခရိုင်အမှတ်(၂၈)တပ်ရင်း၊ ဓားမဆိုင်းတပ်မတော်(D.M.S.A)မှ ဖွင့်လှစ်ထားသည့် “အနှိုင်းမဲ့ရင်ခွင့်ဆေးခန်း”မှ ပထမဆုံးမွေးလူနာအဖြစ် သားယောက်ျားလေးတစ်ဦးအား မတ်လ ၇ ရက်နေ့ ည ၈ နာရီ ၅၆ မိနစ်အချိန်က မွေးဖွားပေးနိုင်ခဲ့ကြောင်း ၊ ဓားမဆိုင်းတပ်မတော်ထံမှ သိရသည်။
အဆိုပါကလေးငယ်၏ ခန္တကိုယ်အလေးချိန်မှာ ၆ပေါင် ၈ အောင်စရှိကြောင်း “အနှိုင်းမဲ့ရင်ခွင့်ဆေးခန်း”ရှိ ဆရာမများ၏ ကျွမ်းကျင်မှုကြောင့် အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ကြောင်း လက်ရှိတွင် ကလေးရော မိခင်ပါ နေကောင်းကျန်းမာလျှက်ရှိကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းသူမောင်မှ ပြောသည်။
“၇ ရက်နေ့ ညပိုင်းမှာ မွေးတာပါ။ ကောင်းကောင်းမွန်မွန်ရှောရှောရှူရှူနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားပေးတဲ့ ဆရာမတွေကလည်း ကျွမ်းကျင်မှုတော်တော်လေးရှိပါတယ်။ ကလေးက ၆ ပေါင်နဲ့ ၈ အောင်စရှိပါတယ်။ ကလေးရော မိခင်ပါ နေကောင်းကျန်းမာကြပါတယ်။ သူတို့က သာမာန်တောသူတောင်သား လက်လုပ်လက်စားတွေပါပဲ” ဟု ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းသူမောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အနှိုင်းမဲ့ရင်ခွင့်ဆေးခန်း”ကို ဓားမဆိုင်းတပ်မတော်(D.M.S.A)မှ PDF ရဲဘော်များအား အခမဲ့ကုသပေးန်ိုင်ရန် ရည်ရွယ်၍ မတ်လ ၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဆေးဝါးလုံလောက်မှုရှိသော်လည်း တော်လှန်ရေးပြီးဆုံးသည့် ကာလအထိဖွင့်လှစ်သွားမည်ဖြစ်၍ ဆေးဝါး၊ စက်ကိရိယာနှင့် ပညာရပ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများ လိုအပ်လာမည်ဖြစ်ကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းသူမောင်မှ ပြောသည်။
#ဓားမဆိုင်းတပ်မတော် #အနှိုင်းမဲ့ရင်ခွင် #ဆေးခန်း #မွေးလူနာ #သားယောက်ျားလေး #မွေးဖွား
#Ayeyarwaddy_Times