ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ မတ်လ ၉ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းများ၌ စစ်ကောင်စီဂိတ်စခန်းများအား ဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ်ရှိ ဗောဓိကမ်းစစ်ဆေးရဂိတ်နှင့် ညောင်ပင်ကွင်းတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးနှင့်အထက်သေဆုံးနိုင်ပြီး ဒဏ်ရာရှိသူများလည်း ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“မတ်လ ၇ ရက်နေ့က ကျွန်တော်တို့ စစ်ကောင်စီဂိတ်၂ နေရာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်၊ ညောင်ပင်ကွင်းတံတားဂိတ်မှာ တပ်သား ၂ ယောက်သေတယ်၊ နောက်ကျွန်တော်တို့ ဒရုန်းနဲ့ချတဲ့ဗွီဒီယိုမှာ ပြန်ကြည့်တော့ တပ်သားတစ်ယောက်အပေါ် ဒရုန်းကျတာတွေ့တယ်၊ အဲ့တာတော့အတည်မပြုနိုင်ပေမဲ့ သေလောက်တယ်။ ကျွန်တော်တို့ပြန်‌ဆုတ်တော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့ရတယ်။”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုအပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာရာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ဆက်သွယ်ရေးတပ်သား လီဟိုကျဆုံးခဲ့သည်ဟု ဆိုသည်။

တနင်္သာရီမြို့နယ်တွင် မတ်လ ၇ ရက်တစ်ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး တနင်္သာရီအခြေစိုက် အမတ(၃၀၆)တပ်ရင်းမှ ထွက်လာသည့်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခြင်း၊ တာပလပ်ရွာသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်အားလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

တနင်္သာရီတိုင်း‌ဒေသကြီးတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလတစ်လအတွင်း တိုက်ပွဲဖြစ်စဉ် (၃၇)ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်ဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းနှင့်တိုက်ခိုက်ခြင်း (၇) ကြိမ်ရှိခဲ့ပြီး အများစုမှာ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းဖြစ်ကြောင်း Southern Monitorမှ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – ကျဆုံးရဲဘော် လီဟို။

#တနင်္သာရီမြို့နယ် #တိုက်ပွဲ #ဒရုန်း #ဗုံးသီးချ #ရဲဘော်ကျဆုံး #Ayeyarwaddy_Times