ဧရာဝတီတိုင်းမ်
မတ်လ ၉ ရက်
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိစစ်ကောင်စီ၏ လက်နက်စက်ရုံ-ကပစ(၁၁)ကို မတ်လ ၈ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းပြည်သူ့တပ်မဟာတော်လှန်ရေးတပ်ဖွဲ့မှ အဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မတ်လ ၈ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှ Mission Impossible 2 အဖြစ် စစ်ကောင်စီမှ ပြည်သူများအား သတ်ရန်လက်နက်ငယ်များထုတ်လုပ်ပေးနေသည့် အဆိုပါကပစ၀န်းကို အဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
“အခုလိုတိုက်ခိုက်ဖို့အတွက် ပြင်ဆင်ချိန်တွေ၊ plan ချတာတွေ အရမ်းကိုကြာပါတယ်။ အဲဒီလိုအချိန်ယူထားတာဖြစ်တဲ့အတွက်လည်း ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့တာပါ။ လက်နက်စက်ရုံထိခိုက်ပျက်စီးမှုကတော့ အတော်ကြီးပါလိမ့်မယ်။ ဒါကိုတိုက်ခိုက်ဖို့ပြင်ဆင်ချိန် ၃ လကြာပါတယ်”ဟု အဖွဲ့တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ လက်နက်စက်ရုံ၀န်းအတွင်း ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၀န်းအတွင်းရှိ လက်နက်တပ်ဆင်ပေးသည့် နေရာတည့်တည့်သို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် လက်နက်များထားရှိရာအခန်းမှ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရပြီး အသေးစိတ်ကိုမူ အတည်ပြု၍မရသေးပေ။
ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အနီး၀န်းကျင်ရှိပြည်သူ အမျိုးသမီးတစ်ဦးမှ “ညက ပေါက်ကွဲသံကြီးက အကျယ်ကြီး ကြားလိုက်ရတာ။ ၆ ခါတောင်ပေါက်ကွဲတာ။ မီးလောင်နေတာလည်းတွေ့တယ်”ဟု ဆိုသည်။
ထိုသို့ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ တိုက်ကြီးမြို့ နယ်ရှိလမ်းတစ်လျှောက်နှင့် ရန်ကုန်-ပြည်လမ်းကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြသော်လည်း မစ်ရှင်ပြုလုပ်ခဲ့ကြသည့် ရဲဘော်များမှာ ထိခိုက်အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထောက် လှမ်းရေးတပ်(စရတ)ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရ သည်။
#တိုက်ကြီး #ကပစ #ပေါက်ကွဲမှုဖြစ် #ဖောက်ခွဲတိုက်ခိုက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။