ဧရာဝတီတိုင်းမ်
(ပေါက်)၊ မတ်လ ၉ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဖလံကိုင်းရေနံမြေစခန်းမှ စစ်ကောင်စီတပ်သားများသည် ဒေသခံများ၏ ရေစည်လှည်းများကိုလု၍ ရေသယ်နေစဉ် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။
ဖလံကိုင်းနယ်မြေမှ စစ်ကောင်စီတပ်သားများသည် ရေရှားပါးလာသည့်အတွက် ဖလံကိုင်းရွာမှ ရေစည်လှည်းများကိုယူဆောင်၍ ကန်ရေများသယ်ယူပြီးပြန်လာစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။
“ပြည်သူတွေရဲ့လှည်းကို အနိုင်ကျင့်ယူလာပြီး ရေလာသယ်တဲ့လှည်းကို Drop bomb ချတိုက်ခိုက်ခဲ့ပါတယ်။ အခု ဒီဘက်မှာက ရေရှားနေပါပြီ။ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ရမ်းပစ်လို့ တပေါက်ကုန်းရွာက ပြည်သူတစ်ဦးသေဆုံးခဲ့တယ်” ဟု မြိုင်(ပကဖ)တာဝန်ရှိသူ ဗိုလ်လက်ယာကဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများသည် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ မကျည်းသီးကောက်နေသည့် ဒေသခံ အမျိုးသားတစ်ဦး ထိခိုက်ခဲ့ပြီး ကျန်တစ်ဦးမှာ ပုဆိုးအတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁၊ တပ်ခွဲ ၁၊ တပ်စိပ် ၃ နှင့် ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့သည့် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း မြိုင်မြို့ပေါ်မှ ကန်နီ (ပျူရွာ)သို့ ဈေးဝယ်ပြန်လာသည့် ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများကို လမ်းတစ်လျှောက် (၃) ကြိမ် ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခုနစ် ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။
#မကွေးတိုင်း #ပေါက်မြို့နယ် #စစ်ကောင်စီတပ် #ရေသယ် #ဒရုန်း #ဗုံးသီးချတိုက်ခိုက် #၁ဦးသေ #မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times