ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၉ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ညောင်ပင်စောက် (လ.ဝ.က)ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား Chindwin Attack Force နှင့်ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညောင်ပင်စောက်(လ.ဝ.က)ရုံးတွင် တပ်စွဲထားသည့် အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင် သေဆုံးနိုင်ပြီး လဝကရုံးနှင့် အဆောက်အဦများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Chindwin Attack Forceထံက သိရသည်။

“ရုံးမှတပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အားကတော့ ၂၀နဲ့ ၃၀ ကြားလောက်ရှိတယ်။ တိုက်ခိုက်နေတုန်းမှာပဲ တပ်ကူလာလို့ပြန်ဆုတ်ခွာခဲ့တယ်။ စစ်ကောင်စီရဲ့ ဘယ်တပ်က တပ်ကူလာတယ်ဆိုတာတော့မသိရဘူး” ဟု Chindwin Attack Forceပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် အနီးအနားရွာများမှ ပြည်သူ နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း CAF ထံကသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ ) ၊ တပ်ရင်း (၃)၊ တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း(၄) တပ်ခွဲ – ၃ Monywa Nightking PDF ၊မုံရွာခရိုင်တပ်ရင်း – (၄) တပ်ခွဲ – ၄ ၊ 5 / Teachers People Defense Force -PDF ၊ မုံရွာခရိုင်တပ်ရင်း (၇) (Lightning People Defence Force) ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်း တပ်မတော် ၊ မုံရွာခရိုင်တပ်ရင်း(၁၁) PDF – South Monywa ၊ Spring Dove နှင့် ယက္ခညီနောင် တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ညောင်ပင်စောက်လ၀ကရုံး #စစ်ကောင်စီတပ် #PDF #တိုက်ခိုက် #၁၅ဦးသေ