ဧရာဝတီတိုင်းမ်
(သထုံ)၊ မတ်လ ၉ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ခလရ(၂၄)တပ်ရင်းသည် ယနေ့ မတ်လ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံမိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ ကလေးငယ် နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း သထုံခရိုင် PDF တာဝန်ရှိသူထံက သိရသည်။
သထုံမြို့နယ်အခြေစိုက် ခလရ(၂၄)တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီများးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကျုံမိန်းကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် ကျုံမိန်းရွာနေ အသက် (၇) နှစ်အရွယ် မဝင်းဝင်းရီ နှင့် အသက် (၁၃) နှစ်အရွယ် မောင်ထိပ်ပြောင်တို့ နှစ် ဦးသေဆုံးခဲ့သည်။ ထို့ပြင် အသက် ၅၀ အရွယ် ဒေါ်မနူးဖိုးမှာ ဦးခေါင်းညာဘက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး အသက် ၉ နှစ် အရွယ် စောနော့ဒါးမူးမှာ လက်ဖျံကျိုး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ထိတဲ့သူတွေက အိမ်မှာနေရင်းနဲ့ထိတာပါ။ နောက် နွားခြံသန့်ရှင်းရေး လုပ်နေသူတွေလည်းထိတယ်။ လက်နက်ကြီး ထိမှန်တဲ့နေရာမှာပဲ အသက် ၇ နှစ်နဲ့ ၁၃ နှစ်အရွယ် ကလေး နှစ်ယောက်သေသွားတယ်” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်မှ ရန်းသန်းပစ်ခတ်ခဲ့၍ လက်နက်ကြီးထိမှန်ဒဏ်ရာရသူများကို ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် ဖွင့်လှစ်ထားသည့် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခမရ(၉) တပ်ရင်းသည် မိကျောင်းအိုင်ရွာ အတွင်းသို့ ၁၂၀-မမ လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့ရာ မိကျောင်းအိုင်ဘုန်းကြီးကျောင်းရှိ သံဃာတစ်ပါး နှင့် သာမဏေ တစ်ပါး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ လက်အောက်ခံတပ်ရင်းများသည် သထုံရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခဏပြုလုပ်လေ့ရှိသည်။
#မွန်ပြည်နယ် #သထုံမြို့ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #ကလေး၂ဦးသေ #၂ဦးဒဏ်ရာရ #Ayeyarwaddy_Times