ဧရာ၀တီတိုင်းမ်
မတ်လ ၈ ရက်

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာအုပ်စု အနောက်သိုင်းချောင်းကျေးရွာတွင် ယမန်နေ့ မတ်လ၇ရက်နေ့က ကလေး လေးဦး အစာအဆိပ်သင့်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံသို့ တက်ရောက် ကုသနေကြောင်းသိရသည်။

အစာအဆိပ်သင့်သူများမှာ မောင်ဘုန်းမြတ်မင်း ၁၃ နှစ် ၊ မောင်ရဲဝင်းနိုင် ၁၇ နှစ် ၊ မောင်နေထက်နိုင် ၃ နှစ် နှင့် မသက်ထားဦး ၇ နှစ်တို့ဖြစ်ပြီး မောင်ဘုန်းမြတ်မင်းနှင့် မောင်နေထက်နိုင်တို့ နှစ်ဦးမှာ အစာအဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဘဲသားနဲ့အာလူးချက်စားကြတာ။ ပြီးတော့ဖရဲသီးစားတယ်လို့ပြောတယ်။ စားပြီးတော့ ဘယ်လိုအဆိပ်သင့်တယ်မသိဘူး၊ အန်ကုန်ကြတာ။ မိသားစု နှစ်စုက လူကြီးတွေ ဘာမှမဖြစ်ဘဲ ကလေးတွေပဲဖြစ်ကြတာ။ ကလေး နှစ် ဦးသေပြီး ဒီနေ့မှ ကျန်တဲ့ ကလေး နှစ်ဦး လပွတ္တာ ဆေးရုံကိုရောက်လာတာ” ဟု လပွတ္တာမြို့ လူမှုကူညီရေး အသင်းအဖွဲ့၀င် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကလေးများသည် မတ်လ ၇ရက်နေ့က မွေးမြူရေးဘဲသား၊ အာလူး ၊ ကုလားပွေးရွက်နှင့် ချက်သည့်ဟင်းကို နေ့လယ်စာ အဖြစ်စားခဲ့ကြသည်။ ထိုနောက် ဖရဲသီး ထပ်မံစားခဲ့ပြီး မူးဝေအော့အန်၍ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ လပွတ္တာမြို့ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ထံက သိရသည်။

“အစာအဆိပ်သင့်တဲ့ ကလေး လေးယောက်လုံးက အမျိုးတွေချည်းပါပဲ။ ကန်ဘက် ဆေးရုံကို အချိန်မီပို့တယ်။ အစာတွေပြန်ပြီး ပိုက်နဲ့ပြန်ထုတ်တာတွေလုပ်တယ်။ ဒါပေမယ့် ညနေ ၃နာရီမှာတစ်ယောက် ၊ ၃နာရီခွဲမှာတစ်ယောက်ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့် မောင်ရဲ၀င်းနိုင်နှင့် မသက်ထားဦးတို့ကို ကန်ဘက်တိုက်နယ်ဆေးရုံမှတစ်ဆင့် လပွတ္တာမြို့ ကုတင်(၂၀၀) ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆက်လက် ကုသနေကြောင်းသိရသည်။

#ဧရာ၀တီတိုင်းမ် #လပွတ္တာမြို့နယ် #အနောက်သိုင်းချောင်းကျေးရွာ #ကလေး၄ဦး #အစာအဆိပ်သင့် #၂ဦးသေဆုံး #Ayeyarwaddy_Times