ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ်လ ၇ ရက်
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းသော ၂ နှစ်တာကာလအတွင်းတွင် ချင်းတိုင်းရင်းသားလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကြမ်းဖက်ကျူးလွန်ခံရမှုတို့ကြောင့် အသက်မပြည့်သေးသော ကလေးငယ်များနှင့် ဓမ္မအမှုတော်ဆောင်များအပါအဝင် ချင်းလူမျိူး ၃၈၀ ကျော်သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(Institute Of Chin Affairs)က ထုတ်ပြန်သည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၂ နှစ်တာ ကာလအတွင်းတွင် စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် သေနတ်၊ ကျည်၊ ဗုံးများ၊ လက်နက်ကြီးများနှင့် ဂျက်ဖိုက်တာများအသုံးပြုခဲ့ပြီး ချင်းတိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၎င်းတို့အာဏာတည်မြဲဖို့အတွက် မြန်မာနိုင်ငံ၊ ဒေသအနှံ့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ရာဇဝတ်မှုအမျိုးမျိုးကို ၂ နှစ်အတွင်းမှာ ပေါ်ပေါ်ထင်ထင်နဲ့ ကျူးလွန်နေတယ်။ ဒီအထဲမှာ ချင်းပြည်နယ်လည်း ပါဝင်တယ်။ ချင်းတိုင်းရင်းသားတွေအပေါ်မှာ လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာတွေ၊ လူနေအိမ်မီးရှို့တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူနဲ့ ကလေးငယ်တွေ သေဆုံးသွားတာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်ပြီး သတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလို စစ်ကောင်စီက ကျူးလွန်နေတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်အဖွဲ့အစည်းကမှ ထိထိရောက်ရောက် မတားဆီးနိုင်သေးဘူး။ ဒါကြောင့် ချင်းစစ်ဘေးရှောင်တွေကလည်း ကိုယ့်ဒေသကို မပြန်ရဲကြဘူး။ စစ်ဘေးရှောင်လူဦးရေတွေ ပိုမိုတိုးပွားလာတာပဲရှိပါတယ်”ဟု ချင်းနိုင်ငံရေးလေ့လာသုံးသပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါသေဆုံးသွားသော ချင်းလူမျိုး ၃၈၀ ကျော်ထဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၀ ကျော်နှင့် အရပ်သားပြည်သူ ၁၂၀ ကျော်ပါဝင်ပြီး ထိုထဲတွင် ၁၈ နှစ်မပြည့်သေးသော ကလေးငယ်၂၄ ဦး၊ လသားအရွယ်ကလေးငယ် ၂ ဦးနှင့် ဓမ္မအမှုတော်ဆောင် ၄ ဦးတို့လည်း ပါဝင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ချင်းပြည်နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦး ၆၀ ကျော်နှင့် လူနေအိမ် ၄၃၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ချင်းတိုင်းရင်းသား ၉၀၀ နီးပါးကို မတရားဖမ်းဆီးကာ သက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ ပုဒ်မအမျိုးအမျိုးတပ်ဆင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က နည်းလမ်းပေါင်းစုံဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတို့ကြောင့် ချင်းတိုင်းရင်းသား ၁ သိန်းကျော်သည် ပြည်တွင်း/ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်များ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာအသိုင်းအဝန်းများက ထိရောက်စွာ အရေးယူမှုများအမြန်ဆုံးလုပ်ဆောင်သင့်ကြောင်းချင်းရေးရာအဖွဲ့ ချုပ်က တောင်းဆိုထားသည်။
#အာဏာသိမ်း #၂နှစ် #ချင်းတိုင်းရင်းသား #၃၈၀ #စစ်ကောင်စီ #သတ်ဖြတ်
#Ayeyarwaddy_Times