ဧရာ၀တီတိုင်းမ်
မတ်လ ၈ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) သည် ဒေသခံများထံမှ ကျည်ဆံဖိုးအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၇၅,၀၀၀ နှင့် အချို့ရွာများတွင် ငွေကျပ် ၁၀၀,၀၀၀ အထက်‌အထိ ဆက်ကြေးကောက်ခံလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

အင်အား ၈၀ ကျော်ပါဝင်သည့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO) သည် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသကာကွယ်ရေးစရိတ်ဟုဆိုကာ ပင်လောင်း တောင်ဘက်နှင့် မြောက်ဘက်ကျေးရွာအချို့ရှိ နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၇၅,၀၀၀ နှုန်းဖြင့် ယမန်နေ့ မတ်လ ၇ ရက်နေ့မှ စတင်၍ လိုက်လံ ကောက်ခံလျက်ရှိကြောင်း သိရသည်။

“ပြည်သူ့စစ်တွေက ကျေးရွာသူကြီးကိုခေါ်ပြီးပြောတာ။ ဒီဘက်ရွာတွေကို ကာကွယ် ပေးဖို့ ခုလိုကောက်ခိုင်းရတာဆိုပြီး ရွာလူကြီးကိုကောက်ခိုင်းတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

လက်ရှိတွင် ပင်လောင်းဒေသရှိ တင်းထက်၊ ထီတလိ၊ ထီဗိကျောင်းတကာကျေးရွာ စသည့်ရွာများတွင် ဆက်ကြေးကောက်ယူထားပြီးဖြစ်သည်။ တင်းထက်ရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး ထီတလိရွာသည် အိမ်ခြေ ၃၀၀ ရှိ၍ သိန်းထောင်ချီ ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ပင်လောင်းမြောက်ဘက်ရှိ အချို့ကျေးရွာများတွင် တစ်အိမ်လျှင် ငွေကျပ် ၁၀၀,၀၀၀ အထက် မဖြစ်မနေပေးရခြင်းတို့ကြောင့် ဒေသခံများအခက်ကြုံနေကြောင်း သိရသည်။

“ကျွန်မတို့မှာ သူတို့လာကောက်တဲ့အခါ မဖြစ်မနေပေးရ မှာဆိုတော့ အလုပ်ကလည်းမရှိ၊ တိုက်ပွဲတွေကလည်းဖြစ်နဲ့ တော်တော်ခက်ခဲပါတယ်။‌ တောင်ယာတွေ ကလည်း လုပ်ကိုင် လို့မရ။ မပေးလို့လည်းမရဘူးဆိုတော့ အိမ်မှာရှိတဲ့ကျွဲတွေရောင်းပြီး ပေးလိုက်ရတယ်” ဟုတောင်ယာလုပ် ကိုင်သည့် ပအိုဝ်းအမျိုးသမီးတစ်ဦးက ပြောသည်။

PNO က ကျည်ဆံဖိုး ဆက်ကြေးကောက်ခံနေသည့် ရွာများသည် ယခုတိုက်ပွဲ ဖြစ်ပွားနေသည့် ဆောင်းပြောင်း၊ လုံးပျဉ်ရွာများနှင့် အလှမ်းမဝေးကြောင်း ဒေသခံများထံက သိရသည်။

ယမန့်နေ့ မတ်လ ၇ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းပြည်သူ့စစ် ခေါင်းဆောင် အောင်ခမ်းထီ၏ နေအိမ်သို့ လာရောက်၍ တွေ့ဆုံခဲ့သည်။

#ရှမ်းပြည်တောင်ပိုင်း #ပအိုဝ်းပြည်သူ့စစ် #ကျည်ဆံဖိုး #ဆက်ကြေးကောက် #Ayeyarwaddy_Times