စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် အမျိုးသမီး ၅၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ပြီး မတရားဖမ်းဆီးခံရသူ ၃,၀၀၀ ကျော်ရှိသည်ဟု NUCC နှင့် NUG ပူးတွဲကြေညာ
နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၈ ရက်
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုများကြောင့် ယနေ့အချိန်ထိ အမျိုးသမီး ၄၈၃ ဦး သေဆုံးခဲ့ပြီး အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံရသူ အမျိုးသမီး ၃,၁၂၅ ဦးအထိ ရှိလာကြောင်း သိရသည်။
ယနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ဂျဲန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာရှိနေတဲ့ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြောင့် နေ့စဉ်လူမှုဘဝမှာ ခွဲခြားဆက်ဆံ အကြမ်းဖက်ခံရမှုတွေ ကြုံတွေ့ခဲ့ရတယ်။ စစ်အာဏာမသိမ်းခင် ပြည်တွင်းစစ်ပွဲတွေကြားမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ၊ သတ်ဖြတ်ခံရတာတွေ ရှိခဲ့ပါတယ်” ဟု Generation Wave မှ အထွေထွေအတွင်းရေးမှူး မလင်းလက်ဆူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပူးတွဲထုတ်ပြန်ချက်တွင် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီး ၁၁ ဦးရှိပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ အမျိုးသမီး ၁၅ ဦးအထိရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူ အမျိုးသမီး ၁၂၂ ဦးရှိကြောင်း ဆိုထားသည်။
“တကယ်တမ်း မြေပြင်မှာ နေ့စဉ်တိုက်ပွဲဝင်ရင်း၊ စစ်ရှောင်ရင်းနဲ့ သေဆုံး ၊ သတ်ဖြတ် ခံနေရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ စစ်ကြောရေးတွေမှာ လိင်ပိုင်းဆိုင်ရာ အုပ်စုဖွဲ့အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ နေ့စဉ်ရှိပါတယ်။ စစ်အုပ်စုဟာလိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်စော်ကားမှုကို လက်နက်သဖွယ် အသုံးချလာပြီး တော်လှန်ရေးမှာ အမျိုးသမီးတွေ မပါဝင်လာဖို့ ကြောက်လာအောင် ပြုလုပ်နေကြပါတယ်” ဟု မလင်းလက်ဆူးက ပြောသည်။
မြန်မာနိုင်ငံသည် စီဒေါ(CEDAW)ဟု လူသိများသည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး စီဒေါ(CEDAW)စာချုပ်ပါ ပြဌာန်းချက်များကို နိုင်ငံတော်အနေဖြင့် လိုက်နာရန်၊ လေးစားရန်၊ ဖြည့်ဆည်းပေးရန်နှင့် အစီရင်ခံစာတင်ရန် တာ၀န်ခံလုပ်ဆောင်သွားမည်ဟု အာမခံကတိကဝတ် ပေးထားခြင်း ကြောင်း သိရသည်။
“အကျဉ်းထောင်ထဲမှာ ကျွန်တော်တို့ရဲဘော် အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက် ခံနေရသလို နောက်ထပ် အကြမ်းဖက်မှု ခံနေရတာက ကျေးလက်တွေမှာပါ။ စစ်တပ်က တောက်လျှောက်စစ်ကြောင်းတွေ ထိုးနေတယ်။ စစ်ကြောင်းထိုးရင်းနဲ့ အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့် သတ်ဖြတ်တာတွေ ရှိတယ်။ သူတို့မှာ(စကစ) လူစိတ်ပဲမရှိလို့လား မသိဘူး။ အမျိုးသမီးဆိုရင် သူတို့က(စကစ) အကြမ်းဖက်ရမယ်လို့ပဲ တွေးထားတာ။ သူတို့(စကစ)ရှေ့မှာရောက်နေတဲ့ အမျိုးသမီးဆိုရင် စိတ်မနှံ့သူတောင်မှ မရှောင်ဘူး။ မုဒိမ်းကျင့်တယ်” ဟု အမျိုးသမီးမဟာမိတ်အင်အားစု(WAB)မှ မချောစုဟန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အမျိုးသမီးများသည် နွေဦးတော်လှန်ရေးတွင်လည်း ကျရာအခန်းကဏ္ဍအစုံ၌ ရှေ့တန်းမှ စွမ်းစွမ်းတမံ ပါဝင်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီး ထိုသို့ပါဝင်နေသော အမျိုးသမီးများကို အသိအမှတ်ပြု လေးစားဂုဏ်ပြုပါကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခံရသည့် အမျိုးသမီးများအတွက် တရားမျှတ မှုရရှိနိုင်ရန် အစွမ်းကုန်ကြိုးစားသွားပါမည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အလားတူ ဥရောပသမဂ္ဂ EU ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုဖြင့် မတရားဖမ်းဆီးခံရသည့် အမျိုးသမီးများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခွင့်ပြုပေးထားသည့် စစ်ကောင်စီခန့် ပြည်ထဲရေးဒုတိယဝန်ကြီး ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်ကို ဒုတိယအကြိမ်အဖြစ် ထပ်မံ ပိတ်ဆို့ဒဏ်ခတ် အရေးယူခဲ့သည်။
EU အနေဖြင့် စစ်ကောင်စီခန့် ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ရုရှား စစ်ဖက်အရာရှိများ၊ အာဖဂန် တာလီဘန်များ၊ တောင်ပိုင်းဆူဒန်မှ ရဲအရာရှိများအပါအဝင် စစ်ဖက်အရာရှိ ကိုး ဦးအပြင် အီရန်အကျဉ်းထောင်၊ ဆီရီးယား လုံခြုံရေးအစောင့်တပ်နှင့် မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်ကြောင်း ယမန်နေ့ မတ်လ ၇ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်စပ်မှုရှိသော လူပုဂ္ဂိုလ် ၉ ဦးကို ဥရောပသမဂ္ဂ (EU)က ပိတ်ဆို့ဒဏ်ခတ် အရေးယူခဲ့ရာတွင် စစ်ကောင်စီခန့် ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်လည်း ပါဝင်ခဲ့သည်။
#အမျိုးသမီးများနေ့ #စစ်ကောင်စီ #အကြမ်းဖက်မှု #အမျိုးသမီး #၅၀၀ခန့်သေဆုံး #ဖမ်းဆီးခံရသူ #၃၀၀၀ကျော်ရှိ #Ayeyarwaddy_Times