နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မတ်လ၈ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှနေ၍ လက်ပံတောင်း တောင်ဒေသရှိ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းသို့ ယနေ့ မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်အင်အားအများအပြားသည် တွဲကား အစီး ၂၀ နှင့် ရောက်ရှိနေ၍ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အားကစားကွင်းတွင်ရှိသည့် စစ်ကောင်စီတပ်သားများသည် ယနေ့နံနက် ၉ နာရီခန့်မှ စတင်၍ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၉ နာရီထိုးလောက်က. စစ်ကောင်စီတပ်ဖွဲ့တွေ တွဲကားကြီးတွေနဲ့ ချင်းတွင်း တံတားကိုဖြက် ပြီး တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းထဲကိုဝင်သွားတာ။ ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းတွေအပြင် ခုလိုတွဲကားတွေနဲ့ တရုတ်ဝမ်ပေါင်ဆိုက်ထဲ အင်အားတွေထပ်ဖြည့်တင်းလာလို့ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပြီး စောင့်ကြည့် နေရတယ်” ဟု အသက် ၂၀ ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ နှင် ၇ ရက်နေ့များတွင် လက်ပံတောင်းတောင်ဒေသ၊ ဆားလင်းကြီးမြို့နယ် နှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအချို့သို့ ဝင်ရောက်၍ ဒေသခံများအား ပစ်သတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောက်လျှက်ရှိသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် အောင်ချမ်းအေးကျေးရွာရှိ ဒေသခံ ငါး ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများထံက သိရသည်။

#စစ်ကိုင်းတိုင်း #လက်ပံတောင်းတောင်ဒေသ #တရုတ်ဝမ်ပေါင် #စစ်ကောင်စီတပ် #အင်အားအများအပြား #ဒေသခံများ #စိုးရိမ်ထိတ်လန့် #Ayeyarwaddy_Times