ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေက အရပ်သားအစိုးရကထုတ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေတွေကို ဖိအားပေးပြန်တောင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်အောင်မြို့နယ် ပြည်သူ့လယ်ယာဖွင့်ဖြိုးရေးဘဏ်က မန်နောဂျာလက်မှတ်ထိုးထားတဲ့ သတိပေးစာကို ကိုင်ပြီးတော့ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြည်သူကိုအနိုင်ကျင့်ကာ ဖိအားပေးပြီး အတင်းအဓမ္မတောင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ အဓိကတောင်သူတွေက အများဆုံးယူထားတာ၊ ခုလည်းစပါးအထွက်မကောင်းတော့ ငွေလည်း သိပ်မရဘူး၊ ပြန်လည်းမပေးနိုင်သေးဘူး အဲ့တာကို မပေးရင်ဖမ်းမယ်ဆိုပြီး အတင်းတောင်းနေတာ၊ အင်ပင်မြို့က ထူးအုပ်စု အုပ်ကြီးက ပိုဆိုးတယ်”လို့ ဒေသခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်ချေးငွေပြန်မဆပ်တဲ့တောင်သူတွေကို အရေးယူဖမ်းဆီးတာတွေပြုလုပ်မယ်ဆိုတာကိုတော့ မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လိုက်လံ ခြိမ်းခြောက် ပြောဆိုနေတာလို့ ဆိုပါတယ်။

လယ်သမားတွေအနေနဲ့ သွင်းအားစုတွေမြင့်တက်မှုကြောင့် လိုအပ်တဲ့သွင်းအားစုတွေအရင်ကလောက် ဝယ်မသုံးနိုင်လို့ စပါးထွက်နှုန်းမကောင်းတာတွေရှိသလို စစ်ကောင်စီက နေကြာဖိအားပေးစိုက်ခိုင်းပြီး အထွက်မကောင်းတာကြောင့် အရှုံးပေါ်တာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ပြန်မဆပ်နိုင်သေးချိန်မှာ ဖိအားပေးခြိမ်းခြောက်ပြီးပြန်တောင်းခံနေရတာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
#မြန်အောင်မြို့နယ် #ကိုဗစ်ချေးငွေ #ဖိအားပေးပြန်တောင်း #Ayeyarwaddy_Times