ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၇ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်အား ယနေ့မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေး-ထားဝယ်ကားလမ်း‌မပေါ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်သည် ရေးဘီလူး အဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားထပ်မံ ဖြည့်တင်း ထားသည့်ဂိတ်ဖြစ်သည်။ အဆိုပါဂိတ်ကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုမူ အတိအကျသိရခြင်းမရှိဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဆိုသည်။

“ကျွန်တော်တို့ စခန်းကိုဝင်တိုက်ခဲ့ပြီးနောက်မှာ စကစဘက်ကပိုပြီးတော့ အင်အား ထပ်ဖြည့်ထားတာ။ ရော်ဘာခြံတွေမှာ မိုင်းတွေထောင်ထားတယ်။ ဂိတ်အပြင် မှာတော့ အင်အားက ငါး ယောက်လောက်ပဲအယောင်ပြထားတာ။ ကင်းပုန်းကတော့ ၃၀ လောက်ရှိနိုင်တယ်။ ဒရုန်းနဲ့က ဗုံးသီးကတော့ တစ်လုံးပဲ ချပြီးတိုက်ခိုက်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ရေးဘီလူးအဖွဲ့သားများ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သည် ရေးမြို့ဘက်အဝင်လမ်းများဖြစ်သည့် ရာဘာခြံများအတွင်းတွင် မိုင်းများထောင်ထားကြောင်းသိရှိရ၍ ပြည်သူများအနေဖြင့် သတိရှိရန် ရေးဘီလူးက အသိပေးထားသည်။

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး ဝန်းကျင်ထိခိုက်သေဆုံးခဲ့ပြီး ယခုအကြိမ်သည့် တတိယမြောက်စစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – YEဘီလူးတပ်ဖွဲ့ဝင်များ။
#မွန်ပြည်နယ် #ရေးမြို့နယ် #ရေးတံတားကြီးစစ်ဆေးရေးဂိတ် #ဒရုန်း #ထပ်မံတိုက်ခိုက် #ရေးဘီလူးအဖွဲ့ #Ayeyarwaddy_Times