နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
မတ်လ ၇ ရက်

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် မတရားသဖြင့် ဖမ်းဆီးခံထားရသော အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများသည် စစ်ကောင်စီလက်အောက်ခံ ထောင်တာဝန် ရှိသူများကြောင့် လက်ရှိတွင် အဆိုးဝါးဆုံး အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ထောင်ပြောင်းရွေ့မှုများလည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်များနှင့် ရှေ့နေများထံက သိရသည်။

ယနေ့ မတ်လ ၇ ရက်နေ့က ပြုလုပ်သည် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC Mandalay) ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါထောင်တွင်းရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ ပြောကြာခဲ့ခြင်းဖြစ်သည်။

“ပါဆယ်တစ်လ အပိတ်ခံရတယ်။ တိုက်ပိတ်ခံရတယ်။ ပြစ်ဒဏ်ဆောင်ကို ပို့ခံရတယ်။ ပါဆယ်ပေးခွင့် မရှိဘူး။ တွေ့ခွင့်မရှိဘူး။ သတင်းအမှောင် ချခံထားရတယ်။ သူတို့တွေက ဆေးကုသမှုတွေလည်း မရကြဘူး။ ရေကိုလည်း သုံးခွင့်မရှိဘူး။ အိမ်သာရေနဲ့ပဲ သုံးနေရတယ်လို့ ပြောသံကြားတယ်။ နောက်ပြီး ဒဏ်ရာဒဏ်ချက်တွေနဲ့ ကလေးတွေ (နိုင်/ကျဉ်းသူများ)ကို မနက်အစောကြီး ကားတွေနဲ့ ဆွဲတင်ခေါ်သွားကြတယ် လို့ပြောတယ်။ တစ်ရက်တစ်နေရာဆီ ထောင်ပြောင်းလိုက်တယ်လို့ သိရ တယ်။ အခုဆို ကလေးတွေဆီက ဘာသတင်းမှလည်း မကြားရတော့ဘူး” ဟု အိုးဘိုထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၏ မိသားစုဝင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ ညနေ ၃ နာရီခန့်က အိုးဘိုထောင် အမျိုးသမီး အိပ်ဆောင် (၁) တွင် ထောင်ဝန်ထမ်းများမှ နိုင်ငံရေးအကျဉ်းသူတစ်ဦးအား မိုက်မိုက် ရိုင်းရိုင်း ပြောဆိုရိုက်နှက်ရာမှ စကားများရန်ဖြစ်ခဲ့သည်။ အဆိုပါကိစ္စကို ထောင်တာဝန်ရှိ သူများက ဖြေရှင်းပေးခြင်းမပြုဘဲ ထောင်ဝါဒါ အမျိုးသား ၁၅၀ ဦးခန့်ကို အမျိုးသမီးအိပ်ဆောင်ထဲသို့ စေလွှတ်၍ ရိုက်နှက်ခိုင်းခဲ့ကြောင်း သိရသည်။

“အိုးဘိုထောင်ဟာ တစ်နိုင်ငံလုံးမှာရှိသမျှ အကျဉ်းထောင်တွေထဲမှာ အရက်စက်ဆုံး၊ အနှိပ်စက်ဆုံးနဲ့ သတင်းအမှောင်ချဆုံး ထောင်ပါ။ ထောင်လို့တောင် ယူဆလို့မရပါဘူး။ စစ်ကြောရေးမှာ အကြမ်းဖက်မှုကို ခံရရင်ခံရ၊ မခံခဲ့ရရင် ထောင်ထဲမှာနှုတ်အားဖြင့်၊ ကိုယ်အားဖြင့် ပြောဆိုခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ၊ ဖိနှိပ် ခံရတာတွေ မျိုးစုံကြုံနေရပါတယ်” ဟု နိုင်ငံရေးအကျဉ်းသူ မိသားစုဝင်များနှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။

ထို့နောက် ဖေဖော်ဝါရီလ ၄ ရက်၊ နံနက် ၉ နာရီတွင် အဆိုပါဖြစ်စဉ်အပေါ် မခံရပ်နိုင်သော အမျိုးသမီးအိပ်ဆောင် (၂) ရှိ နိုင်ငံရေးအကျဉ်းသူများနှင့် ထောင်ဝန်ထမ်းများ ထပ်မံ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ထောင်တာဝန်ရှိသူများက တစ်ထောင်လုံးရှိ မိန်းကလေးများ၏ အိပ်ဆောင်အခန်းများအထိ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှစ်ရပ်ကြောင့် နိုင်ငံရေးအကျဉ်းသူ ၁၀၀ ဦးကျော် ဒဏ်ရာများရရှိခဲ့ပြီး ၂၁ ဦးသည် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် ၇၂ ဦးခန့်အား ပြစ်ဒဏ် အဆောင်သို့ ရွေ့ပြောင်းကာ သီးသန့်ထားရှိသည့်အပြင် အချို့အား တိုက်ပိတ် ပြစ်ဒဏ် ချမှတ်ထားကြောင်း နိုင်ကျဉ်းမိသားစုများထံက သိရသည်။

အိုးဘိုထောင်တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသူများအား သံတုတ်၊ ဝါးဆစ် ပိတ်တုတ်၊ လောက်လေးခွ၊ ကျင်စက်များ အသုံးပြုကာ ရိုက်နှက် နှိပ်စက် ခဲ့ခြင်းဖြစ်ပြီး အဆိုပါရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲသူ ခြောက်ဦး၊ လက်ကျိုးသူ တစ်ဦး၊ နားရွက် ပြတ်ရှ ဒဏ်ရာရသူ နှစ်ဦး၊ မျက်စိအနီးတဝိုက် လေးခွမှန်သူ သုံးဦး၊ မျက်မှန်ကွဲ၍ မျက်လုံးထဲ မှန်စဝင်ကာ ဒဏ်ရာရသူ တစ်ဦးရှိပြီး လေးခွထိမှန်ဒဏ်ရာရသူ ၇၀ နီးပါးရှိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

“လက်ရှိအခြေအနေက ဘာဖြစ်နေလဲဆိုတော့ ဒီဖြစ်စဉ်မှာ ခံစားနစ်နာခဲ့ရတဲ့ အမျိုး သမီးရဲဘော်တွေရဲ့ ထောင်ဝင်စာကို ပိတ်ထားပါတယ်။ သတင်းအချက်အလက်လည်း မရသလို သူတို့တွေကို ဆေးဝါးတွေ ပို့ပေးတာလည်း မရှိပါဘူး။ ဆေးကုသခွင့်လည်း ပြည့်ပြည့်ဝဝမရပါဘူး။ ထောင်ထဲမှာ ပြောနေကြတာရှိပါတယ်။ ခေါင်းကိုက်လည်း ပါရစီတမော့၊ လက်ကျိုးလည်း ပါရာစီတမော့၊ ဘာဖြစ်ဖြစ် ပါရစီတမော့ပဲ။ အဲဒါတောင် ဒိတ်အောက်နေတာတွေ ပေးတာပါ” ဟု အိုးဘိုထောင်နှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ပြောသည်။

အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ထောင်ဂဏန်ဝန်းကျင်ရှိသည့်အနက် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၃၃၆ ဦးရှိသည်။ အဆိုပါ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ အားလုံးနီးပါးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အကြမ်းဖက်ခံနေရပြီး သတင်းအစ အန ပျောက်နေသည့် ဖမ်းဆီးခံရသူများလည်း ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်များသည် စစ်တပ်လက်ပါးစေ အကျဉ်းဦးစီးဌာနက ၎င်းတို့ကိုယ်တိုင် လိုက်နာရမည့် အကျဉ်းထောင်နှင့်ပတ်သက်သည့်အက်ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ အား မျက်ကွယ်ပြု၍ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအပေါ်ရာထူး၊ အာဏာများ အသုံးပြုပြီး မတရားသဖြင့် ဖိနှိပ်ညှင်းဆဲ အကြမ်းဖက်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များပင်ဖြစ်ကြောင်း AFCC Mandalay က ထုတ်ပြန်ခဲ့သည်။

#မန္တလေးတိုင်း #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသူ #အမျိုးသမီးများ #အဆိုးဝါးဆုံး #ရင်ဆိုင် #ထောင်တာဝန်ရှိသူ #Ayeyarwaddy_Times