ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က မြန်မာနိုင်ငံရှိ မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းများ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးများသို့ မသွားရောက်ကြဖို့ ဗြိတိန်နိုင်ငံ သားတွေကို သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အလယ်ပိုင်းသို့ အရေးတကြီး ကိစ္စရပ်တွေရှိမှသာ သွားရောက်ကြဖို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ဗြိတိန်နိုင်ငံ သားတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေက ကြိုတင်ခန့်မှန်းမရဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ရန်ကုန်နဲ့နေပြည်တော် အပါအဝင် ဒေသများစွာမှာ စစ်တပ်၊ အစိုးရရုံး၊ စစ်ဆေးရေးဂိတ်လိုမျိုး စစ်ကောင် စီနဲ့ပတ်သက်တဲ့နေရာတွေ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်လက်ရှိနေ ပါတယ်။
ဗြိတိန်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသို့မသွားရောက်မီ လက်ရှိသတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ လိုအပ်ချက်တွေကို စစ်ဆေးသင့်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ဆိုပါ တယ်။
ဗြိတိန်နိုင်ငံသားများ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းသို့ သွားရောက်ပါက သတိဝီရိယာထားသင့်ပြီး ထုတ်ပြန်ထားတဲ့ အကြံပြုချက်တွေကို လိုက်နာသင့်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဉက္ကလာပ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ ဒဂုံဆိပ် ကမ်းမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။
မြန်မာနိုင်ငံရှိ စစ်ကောင်စီ အာဏာပိုင်တွေက လွတ်လပ်စွာ သတင်းရေးသားတင်ဆက်တာ၊ သတင်း ထောက်လုပ်ဆောင်တဲ့ပုံစံတွေကို ဆတ်ဆတ်ထိမခံတာကြောင့် ဗြိတိန်ခရီးသွားတွေ ဂရုပြုကြဖို့ ဗြိတိန် နိုင်ငံခြား ရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) က တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနယ်ပယ်က အာဏာသိမ်းမှုနောက်ပိုင်း ကစဉ့်ကလျားအခြေအနေဖြစ်ခဲ့ပြီး ဘဏ်အများစုကို ပိတ်ထားကာ ATM စက်အချို့မှာ ငွေထုတ်မရပါဘူး။
ကိုးကား – GOV.UK
Ref; Foreign travel advice Myanmar (Burma)
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။