နွေဦးမောင်/ဧရာဝတီတိုင်းမ်
မအူပင်၊ မတ်လ ၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၆ ရက်နေ့ ညနေပိုင်းက မအူပင်မြို့ကနေ ကျိုက်လတ်မြို့ဘက် သွားတဲ့လမ်းက မြို့အဝင်နားမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြို့အဝင်နားက စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးတွေ ကင်းပုန်းဝတ်တဲ့နေရာနားမှာ ညနေ ၆ နာရီလောက် ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဗုံးကွဲတဲ့နေရာက ပြည်သူ့စစ်တွေ သတင်းပေးတွေ ကင်းပုန်းဝတ်ရင် အရက်သောက်တဲ့နေရာ၊ တစ်ခါ တစ်လေလည်း မူးအော်ဟစ်နေတာမျိုးတွေ မယားငယ်တွေနဲ့ ချိန်းတွေ့တာမျိုးတွေရှိတယ်၊ ထိခိုက်မှုတော့ မသိရသေးဘူး၊ မနေ့က ပေါက်တဲ့အချိန်မှာတော့ ၈ ယောက်လောက်ရှိတယ်”လို့ ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးတွေ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်ကျမသိရသေးသလို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မြို့အတွင်းမှာ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာ တွေရှိသလို မြို့အဝင်အထွက် ဂိတ်တွေမှာလည်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မှာ ဗုံးပေါက်ကွဲမှုဟာ ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
#မအူပင်မြို့ #ဗုံးပေါက်ကွဲ #စစ်ကောင်စီတပ် #Ayeyarwaddy_Times