ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက နေအိမ် ၈ လုံးကို မတ်လ ၆ ရက်နေ့ တစ်ရက်ထဲမှာ လိုက်လံချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လာရောက်ချိတ်ပိတ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အင်္ဂပူမြို့နယ်အတွင်းမှာရှိတဲ့ သူတို့ကိုဆန့်ကျင်တဲ့ နေအိမ်တွေကို ဆက်လက်ချိပ်ပိတ်ဦးမယ်လို့ ခြိမ်းခြောက်ပြောကြားသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“PDF လို့ စွတ်စွဲထားတဲ့သူတွေရော အားပေးကူညီတယ်ဆိုပြီးလိုက်ဖမ်းနေလို့တိမ်းရှောင်နေသူတွေရဲ့အိမ်တွေကို ချိပ်လိုက်ပိတ်တာ ဖမ်းမမိတာနဲ့ သူများနေအိမ်တွေကို ပြသနာလိုက်ရှာနေတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ မတရား အမှုဆင် ဖမ်းဆီးခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်တဲ့ အင်္ဂပူမြို့နယ် အမှတ်(၁)ရပ်ကွက် အနောက်စုလမ်းက မအိသက်ပိုင်ရဲ့နေအိမ်၊ မဲဇလီစုကျေးရွာက ကို၀င်းနိုင်ရဲ့နေအိမ်၊ ရေကျော်အနောက်ကျေးရွာကကိုကျော်စွာမိုးနဲ့ ကိုဇော်မင်းဦးတို့ရဲ့နေအိမ်(၂)လုံး၊ ရိုးလေး၀ကျေးရွာက ကိုကြည်မိုးနဲ့ ကိုလင်းထက်စံတို့ရဲ့နေအိမ်(၂)လုံး၊ရေကျော်ကျေးရွာက ကိုသာအေးရဲ့နေအိမ်နဲ့ခြောက်ရွာကျေးရွာအုပ်စု ကားလမ်းပေါ်ကကိုဘိုဘိုဇင်နေအိမ်စုစုပေါင်း(၈)လုံးကိုချိပ်ပိတ်ခဲ့ရပြီးလက်ရှိနေထိုင်နေတဲ့ မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခိုင်းလိုက်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ကြံခင်းမြို့နယ်မှာ စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့လို့ တိမ်းရှောင်နေရတဲ့ဒေသခံ ၆ ဦးရဲ့ နေအိမ်တွေကို စစ်ကောင်စီတစ်ရက်ထဲ လိုက်လံချိပ်ပိတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#အင်္ဂပူ #နေအိမ်ချိပ်ပိတ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…