နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်

အာဏာသိမ်း စစ်ကောင်စီတပ်က လူအစုလိုက်အပြုံလိုက်ကို ရက်ရက်စက်စက် မုဒိမ်းကျင့် သတ်ဖြတ်သွားသည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာရှိ ဒေသခံပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးကိစ္စရပ်များအပြင် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက် ရှိသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။
ယမန်နေ့ မတ်လ ၆ ရက်နေ့က ပြုလုပ်သည့် တာတိုင်ကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် NUG ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ကုစားခြင်းဆိုင်ရာ မေးမြန်းမှုကို NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကူအညီတွေ၊ ကုသပေးတာတွေ၊ နောက်ပြီးတော့ လိုအပ်တဲ့ ကျန်းမာရေး အထောက် အကူတွေ ကူညီပေးတာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ MOHADM (လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန) ကလည်း သူတို့(စကစ) မီးရှို့သွားတဲ့ နေရာတွေမှာ ကျွန်တော်တို့တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ အိမ်တွေကို ပြန်ပြီးတော့ တည်ဆောက်ပေးနေတဲ့ အနေအထားလည်း အခုစတင်မှု ရှိနေပြီဆိုတာ ထည့်သွင်းပြောကြားချင်ပါတယ်။ ကာကွယ်ပေးတဲ့ အပိုင်းရှိမယ်။ လုံခြုံတဲ့နေရာကို ကူညီပို့ဆောင်ပေးမယ့် အပိုင်းရှိတယ်” ဟု ဦးကျော်ဇောက ဆိုသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ညောင်းရင်းကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အမှတ်(၉၉) ခြေမြန်တပ်မသည် မတ်လ ၁ ရက်၊ နံနက်အစောပိုင်းက မြင်းမူမြို့နယ်၊ ကံသာအေးကျေးရွာမှတဆင့် စစ်ကိုင်းမြို့နယ်၊ ရွှေလီကျေးရွာအုပ်စု၊ တာတိုင်ကျေးရွာကို PDF အယောင်ဆောင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး သံဃာ သုံး ပါးနှင့် ပြည်သူ ၈၀ ဦးနီးပါးကို ကျေးရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီး၍ ပိတ်လှောင်ခဲ့သည်။

အဆိုပါအခြေအနေကို ကင်းထောက်နေသည့် တာတိုင်ကျေးရွာမှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇောကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိသွားပြီး ခေါင်းနှင့်ခြေလက်များ ဖြတ်တောက်ကာ ဗိုက်ဖောက်၍ ကိုယ်တွင်းကလီစာများကို ခန္ဓာကိုယ်ပေါ်တင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းက တာတိုင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအပါအဝင် စုစုပေါင်း ၁၆ ဦးကို လူသားဒိုင်းအဖြစ် ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပြီး လမ်းတွင် ရက်ရက်စက်စက် သတ်ဖြတ်ကာ အလောင်းများကို စွန့်ပစ်သွားခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

“ကျွန်တ်ေတို့ NUG ရဲ့ MOHADM အနေနဲ့ ဒီလိုကိစ္စတွေ ဖြစ်တိုင်းမှာ ဒေတာကောက်ခံမှု ကိစ္စတွေရော၊ ပြီးတဲ့အခါမှာ ရွှေ့ပြောင်းတိမ်းရှောင်ဖို့ ကိစ္စတွေပေါ့နော်။ အဲဒီအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေရောပေါ့။ ဒါတွေကို ဆောင်ရွက်ပေးနေတာ ရှိပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်ခံရသည့် ၁၇ ဦးထဲတွင် အမျိုးသမီးများ ပါဝင်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့အား မုဒိမ်းကျင့်သတ်ဖြတ်ကာ မိန်းမကိုယ်အင်္ဂါများ အတွင်းသို့ ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားသည့် တာတိုင်ကျေးရွာနေ ပြည်သူများအပါအဝင် ၁၇ ဦးမှာ
၁။ ကျေးရွာပကဖခေါင်းဆောင် ကိုမိုက်ကယ် (ခ) ကိုကျော်ဇော (၄၇)နှစ်၊ (ဘ) ဦးလှရွှေ
၂။ ကိုထွန်း (၄၀)နှစ်၊ (ဘ) ဦးလှရွှေ
၃။ ကိုအောင်အောင် (၃၈)နှစ်၊ (ဘ) ဦးလှရွှေ
၄။ ကိုစိုးနိုင် (၅၀)နှစ်၊ (ဘ) ဦးလှကြိုင်
၅။ ကိုကျော်စိုး (၃၇)နှစ်၊ (ဘ) ဦးလှကြိုင်
၆။ ကိုကျော်ကျော်(၃၅)နှစ်၊ (ဘ) ဦးကျော်ရွှေ
၇။ ကိုလင်း (၄၀)နှစ်
၈။ ကိုရဲလင်းအောင် (၂၅)နှစ်၊ (ဘ) ဦးကျော်လင်း
၉။ ဦးသိန်းထိုက် (၆၀)နှစ်၊ (ဘ) ဦးနက်တူ
၁၀။ ကိုဇော်ဖြိုး (၁၇)နှစ်၊ (ဘ) ဦးကမ္ဘာကျော်
၁၁။ မပန်းနွယ် (၄၀)နှစ်၊ (ဘ) ဦးသောင်းစံ
၁၂။ မပန်းသွယ် (၄၄)နှစ်၊ (ဘ) ဦးသောင်းစံ
၁၃။ ကိုရာဟု (၂၅)နှစ်၊ (ဘ) ဦးကုလား
၁၄။ မဆွေဆွေဦး (၄၂)နှစ်၊ (ဘ) ဦးတက်တိုး
၁၅။ ကိုထီလာ (၄၂)နှစ်
၁၆။ ကိုချစ်ကောင်း (၃၅)နှစ်၊ (ဘ) ဦးရွှေဘ
၁၇။ အမည်မသိ အမျိုးသား (အသက် ၅၀ ကျော်ခန့်)တို့ဖြစ်ကြောင်း သိရသည်။

“ဒီလိုနေရာမျိုးတွေမှာ ကျွန်တော်တို့ ကာကွယ်ရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ အဓိကကတော့ ပြည်သူနဲ့ ပြည်သူ့အစိုးရကြား ပူးပေါင်းသော နည်းနာနဲ့ပဲ ကျွန်တော်တို့ အဓိကဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ခုနကပြောသလို ကြိုတင်အချက်ပေး စနစ်ပေါ့နော်။ ဘယ်လိုမျိုး ကြိုပြီးတော့ သိနိုင်မလဲ။ သတင်းအချက်အလက်တွေ ကြိုတင်ပေးတာမျိုး။ ပြီးတဲ့အခါမှာ အကြမ်းဖက် စစ်တပ် ဝင်လာတဲ့အခါမှာ တိုက်ရိုက်မတိုးရအောင်ပေါ့နော်။ ဒါမျိုးတွေကို ဘယ်လိုရှောင်၊ ဘယ်နေရာတွေကို ဘယ်လိုလုံခြုံစွာ ရှောင်တိမ်းကြမလဲ စသဖြင့် ဒီလိုကိစ္စတွေကိုတော့ ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် NUG ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်၍ အချက်အလက်ရယူ စုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာ တရားစွဲအဖွဲ့အစည်းများသို့ပေးပို့ခြင်း၊ NUG ၏ တရားစီရင်ရေးမဏ္ဍိုင်မှတဆင့် အရေးယူဆောင်ရွက်နိုင်ရန် စီမံခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ခြင်းများ စသည့်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲအပြီး ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအနေဖြင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ပေးနိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်း စနစ်ဆိုင်ရာ ပစ္စည်းကိရိယာများ စသည်တို့ကို ထောက်ပံ့ ပေးနိုင်ပါရန် NUG က ထုတ်ပြန်တောင်းဆိုထားသည်။

#စစ်ကိုင်းတိုင်း #တာတိုင်ကျေးရွာ #စစ်ကောင်စီတပ် #မုဒိမ်းကျင့် #လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #စိတ်ပိုင်းဆိုင်ရာ #ပံ့ပိုးကူညီမှု #NUG #Ayeyarwaddy_Times