ဧရာဝတီတိုင်းမ်
(တနင်္သာရီတိုင်း)၊ မတ်လ ၇ ရက်
တနင်္သာရီတိုင်းတွင် စစ်တပ် အာဏာပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှ ယခုလဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်း နှစ်ဖက်ပဋိပက္ခများအတွင်း အရပ်သားသေဆုံးသူဦးရေ ၃၉၄ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူ ၁၄၆ ဦးအထိရှိလာကြောင်း Southern Monitor မှ ထုတ်ပြန်ထားပါသည်။
ပဋိပက္ခဖြစ်စဉ်များနှင့် တိုက်ပွဲများအတွင်း နှစ်ဖက် အရပ်သားထိခိုက်သေဆုံးမှု စုစုပေါင်း ၅၄၀ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ ၈၇ ဦးနှင့် ဒဏ်ရာရသူ ၅၆ ဦး၊ ၂၀၂၂ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု ၂၄၈ မှုနှင့် ဒဏ်ရာရမှု ၇၂ ဦး နှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စုစုပေါင်းအရပ်သားသေဆုံးသူ ၃၄ ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးအထိရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
“အရပ်သားသေဆုံးမှုတွေကိုပြောရရင် ကျွန်တော်တို့အနေနဲ့ အာဏာရှင်စနစ်ကို အပြုတ်တိုက်နေတဲ့အတွက် အာဏာရှင်နဲ့ပတ်သက်တဲ့ အကြီးစားဆက်နွယ်မှုတွေကို တိုက်နေရတယ်ဆိုပေမဲ့စိတ်ပါလို့လုပ်ရတာမျိုး မဟုတ်ပါဘူးဗျ။ အရပ်သားဖြစ်ဖြစ် ဘယ်သူတွေသေသေ စိတ်မကောင်းဖြစ်ရတယ်။ စစ်ကောင်စီဘက်က အကြောင်းမဲအရပ်သားတွေကိုသတ်ဖြတ်တယ်ဆိုရင်ပိုပြီး စိတ်မကောင်းခံပြင်းမိတယ်။ ဒီစနစ်ကြီးကို အမြန်ဆုံးဖြုတ်ချင်နေတာပါ။” ဟု တနင်္သာရီမဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တနင်္သာရီတိုင်းအတွင်း အရပ်သားထိခိုက်သေဆုံးမှုအများဆုံးမှာ လောင်းလုံးမြို့နယ်ဖြစ်ပြီး သေဆုံးသူ ၁၀၇ ဦးရှိပြီး ဒဏ်ရာရသူ ၂၇ ဦးအထိရှိကာ ရေဖြူမြို့နယ်နှင့် ပုလောမြို့နယ်များတွင်လည်း အရပ်သားသေဆုံးမှုများပြားကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“ကျွန်တော်တို့အနေနဲ့ လက်နက်ကိုင်တယ်ဆိုတာလူသတ်ဖို့လက်နက်ကိုင်တာ မဟုတ်ဘူး။ အာဏာရှင်စနစ်ကိုဖြုတ်ဖို့ ကိုင်တယ်ဆိုတဲ့အတွက်ထစ်ခနဲဆို လူသတ်တယ်ဆိုတာမျိုးမရှိဘူး။ အုပ်ချုပ်ရေးမှူးဆိုရင်တောင်မှ စကစကသေနတ်ပေးကိုင်ပြီး အရပ်ထဲပြည်သူအကျိုးပျက်အောင်သတင်းပေးတာ၊ စိတ်ရောကိုယ်ပါလုပ်နေသူဆိုမှ ရှင်းတာ။ အုပ်ကြီးဆိုပေမဲ့ လက်နက်မကိုင်ဘူး၊ ပြည်သူတွေနဲ့လည်း အဆင်ပြေတယ်ဆိုရင် ကျနော်တို့ သတိပေးစာပို့ပါတယ်။တစ်ချို့ဆိုရင်လည်းလွတ်ထားပေးတယ်ပေါ့။ အရပ်သားဒလန်ရှင်းတာကတော့ သတိပေးသလို လုံးဝလိုက်မလုပ်တဲ့သူတွေမှ ရှင်းတာပါ။” ဟု အဆိုပါတာဝန်ခံကဆက်လက်ပြောသည်။
ထို့အပြင် တနင်္သာရီတိုင်းအတွင်း သတင်းအချက်အလက်များကိုဖော်ပြနေသည့် Southern Monitor အဖွဲ့မှလည်း လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအနေဖြင့် အရပ်သားထိခိုက်မှုအနည်းဆုံးဖြစ်စေရန် စစ်ရေးကျင့်ဝတ်များလိုက်နာကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲ စကစဘက်က ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေဘက်ကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။အဲ့ဒါတွေကြောင့်လည်း အရပ်သားတွေသေဆုံးတာတွေဖြစ်တယ်။ သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ အများကြီးပါဝင်တယ်။အဲလိုသေဆူံးမှုတွေအတွက် ပြုလုပ်တဲ့တရားခံတွေကတော့ ပြန်ပြီးတော့ သူတို့ အပြစ်ကို ခံယူဖို့လို့အပ်တယ်လို့တော့ထင်တယ်။” ဟု အသက် ၂၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလတစ်လအတွင်း နှစ်ဖက်ထိတွေ့မှုများကြောင့် တိုက်ပွဲဖြစ်စဉ် ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခြင်း (၇)ကြိမ်ရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု ၃၁ ကြိမ်ဖြစ်ခဲ့ကြောင်းလည်း Southern Monitorမှ ထုတ်ပြန်ထားသည်။
#တနင်္သါရီမြို့ #အရပ်သားသေဆုံးမှု #ထိခိုက်ဒဏ်ရာ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။