ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

ကရင်ပြည်နယ်မှ ရှမ်းပြည်(မြောက်ပိုင်း)သို့ တရားမဝင်လက်နက်တင်ပို့သည်ဟုစွပ်စွဲချက်ဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ကော့ကရိတ်မြို့ အခြေစိုက် အမှတ် ၁၂ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၂) မှ စစ်ဦးစီးမှူး (ဒုတိယတန်း) G 2 ဗိုလ်မှူးအပါအဝင် အရာရှိ ၊စစ်သည် ၅၁ ဦးထက်မနည်းကို စစ်ကောင်စီတပ်ကဖမ်းဆီးစစ် ဆေးနေကြောင်း စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်များထံကသိရသည်။

စကခ ၁၂ သည် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နယ်မြေ၊ ရှမ်းပြည်(မြောက်ပိုင်း) အတွင်း ရှေ့တန်းစစ်ဆင်ရေး ဝင်ရောက်နေခြင်းဖြစ်ပြီး အဆိုပါ ရှမ်း(မြောက်)ဒေသသို့ လစာ နှင့်အင်အားဖြည့်ပို့ဆောင်သည့် ယာဥ်တန်းသည် ဇူလိုင်လ ၅ ရက်နေ့က ရှမ်း(မြောက်) လားရှိုးမြို့သို့ရောက်ရှိချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု စကခ ၁၂ နှင့်နီးစပ်သူတဦးကဆို သည်။

အဆိုပါယာဥ်တန်းကို အမှတ် ၁၂ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး(ဒုတိယတန်း) (G-2) ဗိုလ်မှူး ရဲဇော်ထွန်း က ဦးဆောင်လာခြင်းဖြစ်ပြီး အရာရှိ ၉ ဦးနှင့် အခြားအဆင့် ၄၁ ဦးပါဝင်သည့် စစ်ယာဥ်တန်း ၅ စီးတွင် စစ်ကောင်စီတပ်၏ ကပစတပ်ထုတ်မဟုတ်သည့် လက် နက်သေတ္တာ ၁၀ လုံး တင်ဆောင်လာသည်ကိုတွေ့ရှိသဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

အဆိုပါယာဥ်တန်းသည် ရှမ်းပြည်မြောက်ပိုင်း၊ စစ် ဆင်ရေးနယ်မြေသို့မရောက်ရှိမီလားရှိုးမြို့အခြေစိုက် အမှတ် ၆၂၆ ထောက်ပံရေးနှင့် ပို့ဆောင်ရေးတပ်တွင် ညအိပ်တည်းခိုစဥ် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်မှ စစ်ဦးစီးမှူး G 1 ဦးစီးစစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

” ကော့ကရိတ် စကခ ၁၂ က ရှမ်း(မြောက်)မှာ စစ် ဆင်ရေးဝင်နေတာ၊ အဲ့ဒီကို လစာပေးနဲ့စစ်ကူပို့တဲ့ ယာဥ်တန်းမှာ DI(ကပစ)ထုတ်မဟုတ်တဲ့ လက်နက်တွေပါတယ်ဆိုတာ စရဖကသတင်းရသွားတာ။ အဲ့ဒီယာဥ်တန်းက လားရှိုး ထောက်ပို့ ၆၂၆ မှာ ညအိပ်ဝင်နားတာ။ အဲ့ဒီ ၅ ရက်နေ့ညနေပိုင်းမှာဘဲ ရမခ G 1 နဲ့ စရဖတွေက ဝင်ဖမ်းတာ” ဟု အဆိုပါဖြစ်စဥ်များကိုသိရှိထားသူ စကခ ၁၂နှင့်နီးစပ်သည့် စစ်ဘက်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်လက်နက်သေတ္တာ ၁၀ လုံးကို မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မှ စတင် တင်ဆောင်လာခြင်းဖြစ်ပြီး လက်နက်သေတ္တာများတင်ဆောင်ပေးသည့် စကခ ၁၂ လက်အောက်ခံ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၇ မှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး အောင်နိုင်ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

” အဲ့ဒီလက်နက်သေတ္တာတွေကို တင်ပေးတာက သင်္ကန်းညီနောင် ခမရ ၃၅၇ က ဗိုလ်မှူး အဲ့ဒီဗိုလ်မှူးကိုလည်း ဖမ်းပြီးစစ်နေပြီ။ သင်္ကန်းညီနောင်ကတင်တာ သေတ္တာ ၈ လုံး၊ ကော့ကရိတ်က ၂လုံး လို့သိရတယ်” ဟု အဆိုပါ စစ်ဘက်သတင်းရင်းမြစ်ကဆက်လက်ပြောသည်။

ဧရာဝတီတိုင်းမ်သတင်းဌာနမှရရှိထားသည့် စာရင်းများအရ ဖော်ပြပါလက်နက်သေတ္တာ ၁၀ လုံးတွင် M 16 လောင်ချာတွဲ အပါအဝင် စနိုက်ဘာ၊ မောင်းပြန်ရိုင်ဖယ်များနှင့် ပစ္စတိုစသည့်လက်နက်ငယ် သေနတ်မျိုးစုံ ၁၃၀ ဝန်းကျင်၊ အခြားကျည်ဆံခဲယမ်းအမျိုးအစားစုံ ၂၅၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင်အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်း၍ပါဝင်ပတ် သက် သူများကို စစ်ကောင်စီတပ်ကဆက်လက်ရှာဖွေဖမ်းဆီးနေပြီး ဧရာဝတီတိုင်းမ် သတင်းဌာအနေဖြင့် လတ်တလောတွင် အဆိုပါ အရာရှိ၊စစ်သည် ၅၁ ဦးကိုသာ စုံစမ်းသိရှိရသေးပြီး နောက်ဆုံးအခြေအနေအား ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်း၍ ကရင်ပြည်နယ်စပ်မှဝင်ရောက်သည့် လက် နက်ခဲယမ်းများဖြစ်ပြီး ရှမ်းပြည် (မြောက်ပိုင်း)ရှိ PDF သို့မဟုတ် EAO အဖွဲ့တခုခုထံ ပေးပို့ရန်ဖြစ်နိုင်ကြောင်း ကပစတပ်မှ CDMပြုလုပ်လာသည့် တပ်မတော်အရာရှိတဦးက သုံးသပ်ပြောဆိုသည်။

” ဒီလက်နက်တွေက ကပစ ထုတ်တွေမဟုတ်ဘူး။ ဖြစ်နိုင်တာက ဒီမြဝတီ၊သင်္ကန်းညီနောင်စတင်တာဆိုရင် ကရင်နယ်စပ်ကနေဝင်တာကို ရှမ်း(မြောက်)က PDF ဒါမှမဟုတ် EAO တွေဆီပို့ဖို့တင်သွားတာဖြစ်မယ်။ ရှမ်း (မြောက်)ဆိုတော့ PDF ဖြစ်နိုင်ချေနည်းတယ်။ EAO တဖွဲ့ဖွဲ့ဖြစ်ဖို့များတယ်။ အဲ့တာကို စကခ ၁၂ က ပိုက်ဆံယူပြီး စစ်ယာဥ်တန်းကယ်ရီ(သယ်ဆောင်ပေးခြင်း) လုပ်ပေးတာလို့ကျနော်ပြောချင်ပါတယ်” ဟု CDM တပ်မတော်သား ဗိုလ်ကြီး ခန့်ကို(Captain Zero) ကသုံးသပ်ပြောဆိုသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်မှ သတင်းဖုံးဖိထားပြီး တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ – ပုံဟောင်းကိုပြန်လည်အသုံးပြုထားပါသည်။