နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /မတ်လ ၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများအတွင်းသို့ ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်းများမီးရှို့ဖျက်ဆိးနေ၍ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ ဂုဏ်တောရွာ ၊ ရှာသားရွာ၊ ဘိန်းနွယ်ချောင်းရွာ၊ ဒန်းတောရွာ၊ ကျေးစာကျရွာ၊ ပေကုန်းရွာ၊ ထန်းတောကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြရိပ်ရွာ၊ စည်လုံရွာနှင့် အောင်ချမ်းအေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ဒီနေ့မနက်စစ်ကြောင်းထိုးလာတာ အင်အားများတယ်။ ခုလက်ရှိ ထွက်ပြေး နေရတဲ့ ကျေးရွာတွေ အများကြီးပဲ။ ဘေးလွတ်ရာ ထွက်ပြေးနေရတာ လူတစ်သောင်းကျော်တယ်” ဟု အသက် ၃၅ နှစ်အရွယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် အောင်ချမ်းအေးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပေကုန်းကျေးရွာကို ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးစာကျရွာသို့ ထပ်မံ ဝင်ရောက်နေကြောင်း ယင်းမာပင် မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ၂ နှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ် ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar မှ ထုတ်ပြန်ထားသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့အနောက်ဘက်ခြမ်း #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး #ဒေသခံ၁၀၀၀၀ကျော် #ထွက်ပြေး #Ayeyarwaddy_Times