ဧရာဝတီတိုင်းမ်
(မအူပင်မြို့) မတ်လ ၆ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၂၇) ခြေလျင်တပ်ရင်းအတွင်း မူလတန်းကျောင်းဆောက်လုပ်ရန် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ချပေးထားသည့် ငွေကို စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးက အလွဲသုံးစား၍ အလှူခံဆောက်လုပ်ရန် စီစဉ်လျှက် ရှိကြောင်းသိရသည်။

ပညာရေးဌာနမှ ချပေးသည့် ဘတ်ဂျက်ငွေကို စစ်ကောင်စီ၏ အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှုးကြီး နိုင်လွင်က ရယူသုံးစွဲခဲ့ပြီး အဆိုပါ မူလတန်းကျောင်းအား စားသောက်ဆိုင်များမှ အလှူခံရငွေဖြင့် ဆောက်လုပ်နေသည်ဟု စစ်ကောင်စီတပ်တွင်းရှိ သတင်းရင်းမြစ်များ ထံက သိရသည်။

“အခု မတ်လပထမပတ်ထဲမှာပဲ ပညာရေးဝန်ကြီးဌာနကနေ ကျောင်းဆောက်မယ့် ငွေကိုချပေးလိုက်တယ်။ ခလရ (၂၇) တပ်ကို ရောက်လာတဲ့ ငွေကို မအူပင်မြို့မှာ စစ်ကောင်စီ တိုင်းရုံးက တာဝန်ပေးထားတဲ့ G1 နိုင်လွင်က သူ့ကိုအပ်ခိုင်းတယ်။ ပြီးတော့ လုပ်ငန်းရှင်တွေနဲ့ သူ(G1နိုင်လွင်) ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေဆီ အလှူခံပြီး စာသင်ကျောင်းဆောက်တယ်” ဟု အဆိုပါတပ်ရင်းမှ အမည်မဖော်လိုသူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ဒုတိယဗိုလ်မှုးကြီးနိုင်လွင်သည် ၎င်းခိုင်းသမျှလုပ်ပေးသူများကိုသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်၍ ကျောင်းဆောက်ရန်အတွက် အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၁၀) သိန်းစီ ကောက်ယူကြောင်းသိရသည်။

“မအူပင်မြို့က BKK စားသောက်ဆိုင်တွေ ၊ BKK အေးဂျင့် အရင်ဆိုင်တွေကိုပါ မအူပင်မြို့က သတင်းပေးဒလန်အကြီးစားလုပ်နေသူတွေနဲ့ အစုရှယ်ယာတွေ လုပ်ထားတယ်။ BKK စားသောက်ဆိုင်ပိုင်ရှင်ကိုလည်း သူနေတဲ့ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ်ခန့်ထားတယ်။ ပညာရေးဝန်ကြီးဌာနက ချပေးတဲ့ ကျောင်းဆောက်မယ့် ငွေကိုလည်း သူကိုယ်တိုင်ပဲ တပ်ရေးဗိုလ်ကြီးဆီကနေ သိမ်းသွားတာ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူက ဆိုသည်။

မအူပင်မြို့ အဝင်အထွက် လုံခြုံရေးယူထားသော စစ်ဆေးရေးဂိတ်များသည် ဒုတိယ ဗိုလ်မှုးကြီးနိုင်လွင်ထံသို့ တစ်လလျှင် ငွေကျပ် ၂၅ သိန်းပေးရပြီး ဒုဗိုလ်မှူးကြီး နိုင်လွင်သည် မအူပင်မြို့၌ ထပ်မံ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များတွင် အစုရှယ်ယာများဝင်၍ စီးပွားရှာလျှက်ရှိကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

#ဧရာ၀တီတိုင်း #မအူပင်မြို့နယ် #မူလွန်ကျောင်း #စစ်ကောင်စီတပ် #ဒုဗိုလ်မှူးကြီး #အလွဲသုံးစား #Ayeyarwaddy_Times