ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် အသက်၄နှစ်မှ ၇နှစ်အရွယ်ကြားရှိ ကလေးငယ်များနှင့်လူကြီးပိုင်းတချို့မှာ ပါးအကျိတ်ရောင်ရောဂါ နှင့် ရေကျောက်ရောဂါများဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။

လက်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် ရေကျောက်ရောဂါနှင့် ပါးအကျိတ်ရောင် ရောဂါခံစားနေရသူ စုစုပေါင်း ၂၀ ကျော်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးထွန်းလင်းထံက သိရသည်။

” ၁လ ပိုင်းကနေစဖြစ်ကြတာပါ။ ဖြစ်တဲ့အထဲမှာ ကလေးတွေက ပိုများပါတယ်။ အဓိကတော့ ရေမသန့်ရှင်းတာကြောင့် ဖြစ်တာလို့ ထင်ပါတယ်။ ကျနော်တို့စခန်းက လည်ဆည်ကန်ကရေကိုသုံးကြတာပါ။ တစ်ချို့ကျတော့ဆေးခန်းသွားပြတယ်။ သက်သာတဲ့သူ သက်သာကြသလို မသက်သာကြသေးတဲ့သူတွေလည်းရှိသေးတယ်။ အခုတော့ ကျန်းမာရေးဌာနက တပတ်တစ်ကြိမ်လာကုပေးတယ်” ဟု စခန်းတာဝန်ခံ ဦးထွန်းလင်းက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှုကြောင့် ကလေးငယ်များ ပြန်လည်သက်သာ လာလျှင်လည်း ရေမသန့်ရှင်းပါက ယခုကဲ့သို့ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် သန့်ရှင်းသည့်ရေရရှိရန် အတွက် အရေးကြီးကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံက ဆိုသည်။

“ကျွန်တော့်သမီးလေးဆို ပထမစစချင်းဖျားတယ်။ ဖျားပြီးလို့နောက်တနေ့ဆို ပါးအကျိတ် ရောင်လာတယ်။ ခန္ဓာကိုယ်မှာလည်း ယားနာတွေပေါက်လာတယ်။ ကလေးတွေမှာ ပါးအကျိတ်ရောင်ပြီး ထမင်းတောင်မစားနိုင်ကြဘူး။ တော်တော်သနားဖို့ကောင်းတယ်။ နွေရာသီရောက်လာပြီဆိုတော့ ရေခမ်းလာလို့ ရေမသန့်ရှင်းတာရော၊ ရာသီဥတု အပြောင်းအလဲကြောင့်ရော ဖြစ်မယ်ထင်တယ်။ ရေသန့်ရှင်းအောင်လုပ်ပေးရင်တော့ ထပ်မဖြစ်တော့ဘူးပေါ့” ဟု ရေကျောက်ရောဂါနှင့် ပါးအကျိတ်ရောင်ရောဂါ ခံစား နေရသည့် ကလေးငယ်တစ်ဦး၏ ဖခင်က ဧရာ၀တီတိုင်းမ် ကိုပြောသည်။

လက်ရှိတွင် မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းသို့ ကျေးလက်ကျန်းမာရေးဌာနများက ရေသန့်ရှင်းရေးအတွက် ဆေးထုပ်များကို အိမ်ထောင်စု အလိုက်လာရောက် ပေးဝေထား၍ စမ်းသပ်သုံးစွဲလျှက်ရှိကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် တင်းမ၊ ရွာဟောင်းတော၊ ပေါက်တောပြင်၊ ဘုရားအုပ်၊ အုတ်ဖိုကန်၊ အောင်သာယာ ၊အလယ်ကျွန်း၊ ပြိုင်းတိုင်း၊ မီးလက်ဝ စသည့် ကျေးရွာများမှ ဒေသခံများ အဓိကခိုလှုံနေကြခြင်းဖြစ်ပြီး လူဦးရေစုစုပေါင်း ၇၅၀ ကျော်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၊သဲခုံကျေးရွာတွင်လည်း ကျေးရွာအတွင်းသို့ ပင်လယ်ဆားငံရည်များဝင်ရောက်ကာ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှစ၍ အရေပြားယားယံခြင်းရောဂါနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါများဖြစ်ပွားလျှက်ရှိသည်။

ထိုသို့ ဖြစ်ပွားနေသော်လည်း လက်ရှိအချိန်ထိ သက်ဆိုင်ရာအာဏာပိုင်များက လူဦးရေ ၁၇၀၀ ကျော်နေထိုင်နေသည့် သဲခုံကျေးရွာသို့ သွားရောက် တာဝန်ယူဖြေရှင်းမှု မရှိသေးကြောင်း သိရသည်။

#ရခိုင်ပြည်နယ် #မြောက်ဦး #စစ်ရှောင်စခန်း #ရေမသန့်ရှင်း #ရေကျောက်ရောဂါ #ပါးအကျိတ်ရောင်ရောဂါ #သဲခုံကျေးရွာ #Ayeyarwaddy_Times