ဧရာ၀တီတိုင်းမ်
မတ်လ ၄ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့တွင် လူမှုကွန်ရက် face book သုံးစွဲသူများကို စစ်ကောင်စီက စောင့်ကြည့်မှုများ ပြုလုပ်နေပြီး ယခု မတ်လအတွင်း အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် မတ်လ ၃ ရက်နေ့က ပုသိမ်မြို့ ဈေးလေး သမ္မဆန္ဒလမ်း အနောက်ဘက် ကွက်သစ် တွင်နေထိုင်သည့် မအေးလေး(ခ)နှင်းအိအောင် ကို ဖမ်းဆီးခဲ့ပြီး မတ်လ ၁ရက်နေ့ကလည်း အမှတ် (၃)ရပ်ကွက်တွင် နေထိုင်သည့် မခင်ချိုထွေးကို ဖမ်းဆီးခဲ့သည်။

“မနေ့က ဈေးလေးနားမှာ မိန်းကလေး တစ်ယောက်ကို ၀င်ဖမ်းတာ ရဲ အင်အား၂၀လောက်ရှိတယ်။ ဘာကြောင့်လဲစုံစမ်းကြည့်တော့ PDF အကြောင်း၊ NUG အကြောင်း တွေကို Online မှာစာရေးတင်လို့တဲ့။ ဒါတွေကိုစောင့်ကြည့် သတင်းပေးနေသူ တွေရှိနေတယ်ထင်တယ်” ဟု ပုသိမ်မြို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိမှာ အဆိုပါ အမျိုးသမီး နှစ်ဦးကို ပုသိမ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အီလက်လက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေများဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်နေ့ကလည်း ဟန်ငြိမ်းဦး တယ်လီဂရမ်တွင် စစ်ကောင်စီ ဆန့်ကျင်သည့် သတင်းများ တင်နေသည်ဟု ဖော်ပြခဲ့သည့်အတွက် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက် ငါးပြားလမ်းတွင် နေထိုင်သည့် ကိုဇင်၀င်းထက်ကို စစ်ကောင်စီ တပ်နှင့် ရဲများက၀င်ရောက်ဖမ်ဆီးခဲ့သည်။