နိုင်မင်းလွင်(ဧရာဝတီတိုင်းမ်)
၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်
စစ်ကိုင်းမှ မုံရွာဘက်သို့သွားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့လာသော စစ်ကောင်စီယာဉ်တန်းအား PDF ပူးပေါင်းတပ်ဖွဲ့က မိုင်း ၃ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD) အဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၃ ရက်၊ နေ့လည် ၁ နာရီ ၄၀ မိနစ်ခန့်က အဆိုပါစစ်ကောင်စီယာဉ်တန်း ၁၃ စီးအား မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီကား ၁ စီး ထိမှန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မြင်းမူအနောက်ဘက် မိုင်းကွင်းတွေနေရာ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့က မိုင်းဖြတ်ဆွဲတာပေါ့နော်။ ၃ ကြိမ်တိတိ ကျွန်တော်တို့ မိုင်းဆွဲခဲ့တယ်။ ကျွန်တော်တို့ ကြားရသလောက်ကတော့ မုံရွာဘက်ကနေ နိုင်ငံရေးအကျဉ်သားတွေကို မန္တလေးကို ပို့တာလို့ သတင်းရတယ်။ အဲဒီကား (နိုင်/ကျဉ်များပါကား)ကို လာကြိုတဲ့သဘောမျိုး သူတို့(စကစ) လုပ်တယ်။ ကျွန်တော်တို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ ပါနေတာမို့လို့ ရှေ့ကလာကြိုတဲ့ ကားတွေကိုပဲ မိုင်းဆွဲခဲ့တယ်” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထို့နောက် စစ်ကောင်စီယာဉ်တန်းအား ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားအရောက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ၂ ကြိမ်ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU) ၊People’s Knight Defense Force Myinmu(PKDF.MMU) ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ၊ ရွှေလှေကျေးရွာနှင့် မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာ၊ ပုလဲတန်ကျေးရွာတို့မှ အပြစ်မဲ့ပြည်သူများအား မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး ပြန်လာသော အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်းသည် မြင်းမူမြို့နှင့် ပုလဲတန်ရွာကြားတွင် အထူးပြုလုပ်ထားသော မိုင်းဘီလူးပေါ်၌ တည့်တည့်ရပ်နေစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)အဖွဲ့ထံမှ သိရသည်။
“မိုင်းဆွဲပြီးတော့ သူတို့(စကစ)တွေက တအားပစ်တာ။ စက်လက်တွေနဲ့ပေါ့။ ၄၀ တွေနဲ့လည်း ထုနေတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ ကပ်လို့မရခဲ့ဘူး။ သူတို့အလောင်း ကောက်ချိန်ရောက်မှ အရဲစွန့်ပြီး video ဖိုင် ရိုက်ရတာပေါ့” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အခင်းဖြစ်နေရာ၌ သေဆုံးသွားပြီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ သေဆုံးသွားသောအလောင်းများနှင့် ဒဏ်ရာရသူများအား ထမ်းစဉ်ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် အလှူငွေများ လိုအပ်နေသည့်အတွက် ဝိုင်းဝန်ကူညီ လှူဒါန်းပေးကြပါရန် PAFD အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU) ၊ People’s Knight Defense Force Myinmu(PKDF.MMU) ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ ကဖ ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။