ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဇန်နဝါရီလ ၆ရက်နေ့ကဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားများဆန္ဒပြမှုကို စစ်ကောင်စီတပ်ဖွဲ့ များကအကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း ပါ၀င်ခဲ့သူများကို နေ့စဥ်ထောင်၀န်ထမ်းများကနှိပ်စက်ရိုက်နှက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကျဥ်းထောင်မှူးနဲ ထောင်၀န်ထမ်းများ ညစဥ်ခေါ်ယူနှိပ်စက်မှုတွေကြောင့် နိုင်ငံရေးအကျဥ်းသားအချို့ ဒဏ်ရာရရှိခဲ့ပြီး ကို၀င်းထွန်းနိုင်နဲ့ ဦးဇော်ထိုက်တို့နှစ်ဦးကတော့ ရိုက်နှက်မှုဒဏ်တွေကြောင့် နားလုံး၀မကြားတော့ဘူးလို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ထောင်၀င်စာပိတ်ထားတာ၂ လရှိပြီ။ အဲ့၂လအတွင်းမှာ မိသားစုတွေနဲ့ လုံး၀အဆက်သွယ်ဖြတ်လိုက်တယ်။ အထဲက သတင်းတွေအပြင်မရောက်အောင်လုပ်ထားပြီး ဆန္ဒပြတုန်းကပါ၀င်တဲ့လူတွေကို အညှိုးထားပြီး နိပ်စက်နေတာပါ။ ညဘက်ရောက်ရင် တစ်နေ့ကို ၂ ဦး ၃ ဦးစီခေါ်ပြီး ရိုက်တယ်။ ဖားခုန်ခိုင်းတာတွေ မတရားတွေလုပ်နေတာမြင်ခဲ့ရတယ်”လို့ ပုသိမ်အကျဥ်းထောင်က လွှတ်မြောက်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်ထောင် ဆန္ဒပြမှုမှာ ဦးဆောင်သူလို့ယူဆသူ ၈ ဦးကို တိုက်ပိတ်ထားပြီးကျန်အကျဥ်းသား ၆၂ ဦးကို ပေ ၄၀ အခန်းတစ်ခုထဲမှာ စုပေါင်းထားပြီး သံခြေချင်း၊ ဒေါက်ခတ်ထားကာတနေ့ကို ရေချိုးချိန်နာရီ၀က်သာခဏအခန်းပြင်ထွက်ရတယ်လို့ သူကဆိုပါတယ်။

” အခန်းကျဥ်းကျဥ်းလေးမှာ လူက ၆၀လောက်ကိုခြေထောက်မှာ သံထောက်တွေ ခတ်ထားတော့ ညဘက်အိပ်ရင် တစ်ချို့ဆိုမတ်တပ်အိပ်ရတယ်။ ညဆိုအကျဥ်းဦးစီးကကောင်တွေ အရက်မူးပြီး ညတိုင်း ခေါ်ရိုက်နေတာ။ ခုဆို ၂ လပြည့်နေပြီ။ ကြာရင်အသက်အန္တာရယ်စိုးရိမ်ရတယ်”လို့ ပုသိမ်အကျဥ်းထောင်က လွှတ်မြောက်လာသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

ပုသိမ်ထောင်မှာဇန်နဝါရီ ၆ရက်နေ့က နိုင်ငံရေးအကျဥ်းသား၈ဦးကို တစ်ညလုံးခေါ်ယူနိပ်စက်ခဲ့ပြီးတစ်ဦးပျောက်ဆုံးနေရာကနေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု ကျဆုံးခဲ့ပြီးအခြားအကျဉ်းသားပေါင်း ၆၄ ဦး ဒဏ်ရာရရှိခဲ့ကာ နိုင်ငံရေးအကျဥ်းသားအချို့ကိုလည်း ထောင်အာဏာပိုင်များကပုဒ်မ-၄၂နဲ့ စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ထောင်၀င်စာပိတ်သိမ်းကာနိပ်စက်ညှင်းပန်းမှုများပြုလုပ်ခဲ့တာလို့အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

#ပုသိမ် #အကျဥ်းထောင် #ဆန္ဒပြ #နိုင်ကျဥ်း #နေ့စဥ် #ရိူက်နှက်နှိပ်စက် #နားမကြား
#Ayeyarwaddy_Times