ဧရာဝတီတိုင်းမ်
(ရေး)၊ မတ်လ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာအပြီး တစ်လအတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်သားများ ၁၇ ဦးနှင့်အထက်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

တိုက်ခိုက်မှုများအတွင်း ဒေသတွင်းဝော်လှန်ရေးတပ်ဖွဲ့များမှ ရေးအခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ(၅၉၁)တပ်ရင်း၊ ခမရ(၅၈၃)တပ်ရင်း၊ ခမရ(၅၈၇)တပ်ရင်းများအား လက်နက်ကြီးများနှင့်ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိသော်လည်းတပ်တွင်းအခြေနေများကြောင့် အတိအကျအတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

” ရေးမြို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပေမယ့် စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်တာ ၅၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်၊ သူတို့ တပ်သားတွေကိုတောင် သူတို့ မကာကွယ်နိုင်သ၍တော့ အပြည့်အဝထိန်းချုပ်နိုင်ဖို့လည်း မရှိပါဘူး”လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။

ထို့ပြင် ရေးမြို့နယ်၊ လမိုင်းမြို့အနီးတွင် စစ်ကောင်စီလက်အောက်ခံ ခမရ(၅၄၅)တပ်ရင်းမှ ပြန်တမ်းဝင်အရာရှိဖြစ်သူ ဗိုလ်ကြီးမြတ်သူအားလည်း Ye Guerrilla Force မှ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

ရေး-ထားဝယ် ကားလမ်းပေါ်ရှိ ရေးတံတားကြီးစစ်ဆေးရေးဂိတ်စခန်းအားလည်း ဖေဖော်ရီလ ၁၇ ရက်နေ့တွင် MSRO အဖွဲ့မှ ၄၀ မမလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် YEဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး တပ်သား ၁၅ ဦးနှင့်အထက်ထိခိုက်သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့များထံမှသိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် အုပ်ချုပ်ရာနယ်မြေဖြစ်သည့် ရေးမြို့နယ်အား ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ခဲ့သော်လည်း စစ်ကောင်စီလက်အောက်ခံတပ်စခန်းများတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကာ ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီတပ်သားများလည်း ရှိလာကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

#ရေး #စစ်အုပ်ချုပ်ရေး #စစ်ကောင်စီတပ်သား #၁၇ဦး #သေဆုံး
#Ayeyarwaddy_Times

……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/