ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၇ မိုင်တွင် ဒို့ညီနောင် ခရီးသည်တင်ကား ယနေ့ နံနက်အစောပိုင်းက တိမ်းမှောက်ခဲ့ကြောင်း တောင်ငူပရဟိအဖွဲ့ထံမှ သိရှိရသည်။

မတ်လ ၄ ရက် နံနက် ၅ နာရီခွဲ၀န်းကျင်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း တောင်ငူလမ်းပိုင်း ၁၆၇ မိုင်အရောက်တွင် ဒို့ညီနောင် (တောင်ကြီး-မြ၀တီ)ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးပြီး ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနက် ၅ နာရီ ၅၀ မှာ ဖုန်း၀င်လာတာပါ ကားမှောက်လို့ဆိုပြီး လူနာအရမ်းများပါတယ်။ ပြင်းထန်တဲ့သူတွေရောပေါ့။ Dead Body ကတော့ ၅ ယောက်ပါ။ အရင်ဆုံးက ၃ ယောက်သေတယ်။ နောက် ဆေးရုံပို့ဖို့လုပ်နေရင်း ၂ ယောက်ထပ်သေတာပါ။ လက် ပြတ်ထွက်သူတွေရော၊ ထိခိုက်မိတဲ့သူတွေလည်း ပြင်းထန်ပါတယ်”ဟု မြေပြင်တွင်ရောက်ရှိ‌ ကူညီနေသည့် ပရဟိတအဖွဲ့တာ၀န်ရှိသူ တစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။

အဆိုပါ သေဆုံးသူများထဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်းဖြစ်သူ ရွှေဓူဝံလည်း ပါ၀င်ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကလေးငယ်အပါအ၀င် ကျား ၂၁ ဦး၊ မ ၁၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနာများကို ဆွာဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး သာဂရမီးသတ်ဌာနမှ ကယ်ဆယ်ရေးများပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရသည်။

အလားတူ ယင်း မိုင်တိုင် ၁၆၇ ၌ပင် ယမန်နေ့ ညနေပိုင်း ၄ နာရီခွဲအချိန်တွင် တောင်ကြီးမှထွက်လာသည့် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။