ဧရာ၀တီတိုင်းမ်
မတ်လ ၄ ရက်
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးတွင် မတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီထံ လက်နက်အပ် အညံ့ခံထားသည့် ကိုအောင်မျိုးမြတ်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေကြောင်း ဒေသခံများထံက သိရသည်။
ကိုအောင်မျိုးမြတ်သည် ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် တွင်နေထိုင်သည့် PDF အဖွဲ့၀င်ဟောင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်ကောင်စီထံသို့ လက်နက်များအပ်၍ အညံ့ခံကာ၀င်ရောက်ခဲ့သည့် ဒုတိယနှစ် ဥပဒေကျောင်းသားတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
“သူက ဆိုင်ကယ်နဲ့ပြန်လာချိန်မှာ ပစ်ခံရတာ။ သူက စစ်တပ်(စစ်ကောင်စီတပ်)ဆီသွားပြီး အလင်း၀င် ထားတာ မကြာသေးဘူး။ သူ့ကြောင့် မိတဲ့လူတွေလည်းရှိတယ်လို့ သိရတယ်။ သူကစစ်တပ်ကို သေနတ်တွေယူပြီးသွားအပ်တာ။ အခုသူက ဘားတွေ ကလပ်တွေမှာ မူးယစ်ဆေးတွေကို ရဲတွေ၊ စစ်သားတွေနဲ့ပေါင်းပြီး ဖြန့်နေတာ။ ကိုယ်ပိုင်ပစ္စတိုတစ်လက် လည်း ၀ယ်ကိုင်ထားတယ်”ဟု မန္တလေးမြို့ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါပစ်ခတ်မှုကို မန္တလေးမြို့ပြပြောက်ကျား Mandalay Independent Association(MIA) အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့နှစ်မှာ သူကလက်နက်အချို့နဲ့ စစ်ကောင်စီဆီ အညံ့ခံထားတယ်။ ခလရ (၄) ကို သူကိုယ်တိုင် သွားပြီးတော့ လက်နက်သွားအပ်တာ။ ရဲဘော်တွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုလည်းဖော်ပြီး သစ္စာဖောက်လုပ်ရပ်ကို လုပ်ခဲ့တာပါ။ အခုသူက စစ်တပ်ရဲ့လူ ပျူစောထီးလုပ်နေတာပါ။ အဲဒါကြောင့် ခုလို သစ္စာ ဖောက်တို့ရဲ့ သွားရာလမ်းကို ပို့ပေးခဲ့တာပါ”ဟု MIA အဖွဲ့ တာ၀န်ခံ Zeke ကဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် အသက် ၂၀ အရွယ်ရှိ ကိုအောင်မျိုးမြတ်မှာ ယာနားအောက် ဖောက်၀င်ဒဏ်ရာ တစ်ချက်ရရှိကာနေရာတွင် သေဆုံးခဲံခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MIA) သည် ကိုအောင်မျိုးမြတ်နှင့် ပတ်သက်သည့် စစ်ကြောင်းမှူးများ၊ တပ်ရင်းမှူးများကိုလည်း မကြာမီတွင် အလျဉ်းသင့်သလို ရှင်းလင်း သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#မန္တလေးတိုင်း #စစ်ကောင်စီ #လက်နက်အပ် #သတင်းပေးဒလန် #PDFအဖွဲ့ဝင်ဟောင်း #ရှင်းလင်း #Ayeyarwaddy_Times
……………………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။