ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ကံကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၃ ဦး၏ နေအိမ်များအား မတ်လ ၃ ရက်နေ့ မနက် ၃ နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီတပ်မှ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မနက် ၃ နာရီဝန်းကျင်အချိန်က ကံကြီးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၃ ဦး၏ နေအိမ်များအား လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်များမှ ဝင်ရောက်ရိုက်နှက်ကာ ဓားပြတိုက်၍ ငွေကြေးနှင့် ဖုန်းအပါအဝင် အဖိုးတန် ရွှေနှင့် လက်ဝတ်ရနာများယူဆောင်သွားကြောင်း ဒေသခံများမှ ပြောသည်။

“အုပ်ကြီးအိမ်ကို စဝင်တာ။ ပြီးမှ ရွာထဲက ​၃ အိမ်ကို ဝင်စီးတာ။ ဖုန်းတွေလည်း သိမ်းသွားတယ်။ ငွေတွေလည်း ယူသွားတယ်။ ရွာခံတွေကတော့ လူစိမ်းတွေလို့ပြောတယ်။ သေနတ်ပါတော့ ဘယ်သူ့မှ ခံမလုပ်ရဲကြဘူး။ အချိန်ကလည်း ဝေလီဝေလင်းအချိန်ဆိုတော့ တရွာလုံး အိပ်ပျော်နေကြတာ။ အများစုက မသိကြဘူး” ဟု ချောင်းသာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရမှုအတွင်း ဒေသခံ ၃ ဦးထံမှ ငွေကြေးနှင့် ဖုန်းအပါအဝင် အဖိုးတန် ရွှေနှင့် လက်ဝတ်ရတနာများ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ဝန်းကျင်ရှိသည်ဟု ပြောဆိုကြသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် ကံကြီးကျေးရွာမှာ ချောင်းသာကမ်းခြေ၏ တစ်ဘက်ကမ်းတွင်တည်ရှိကာလမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေကြောင်းဖြင့်သာ သွားလာနိုင်သည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးနောက် ချောင်းသာကမ်းခြေတွင် ဓားပြမှူအား PDF များ ကျူးလွန်ခဲ့သည်ဟု စစ်ကောင်စီဘက်မှ ဝါဒ​ဖြန့်ထားသည်ဟု ဒေသခံများက ဆိုသည်။

“နေ့လည်ကတည်းက ချောင်းသာမှာ PDF တွေ ဓားပြတိုက်တာဆိုပြီး သတင်းပြန့်နေတာ။ သွားရလာရခက်တဲ့ဒေသမှာ ဖြစ်တာဆိုတော့ ဒီဘက်ကမ်းကလူတွေ လန့်နေကြတယ်။ ဓားပြဝင်တိုက်ခံရတဲ့ထဲက တချို့ဆို ဖူးယောင်နေအောင် အထုအထောင်းခံထားရတယ်ကြားတယ်။ အဲ့ဘက်သွားနိုင်တာဆိုလို့ စစ်တပ်ပဲရှိတာ။ လုပ်မယ်လုပ် သူတို့ပဲလုပ်မှာ “ဟု ချောင်းသာမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ​ပြောသည်။

ချောင်းသာကမ်းခြေဒေသတွင် PDF များ စခန်းဖွဲ့နေထိုင်ခြင်းမရှိကြောင်း စစ်ကောင်စီတပ်မှ အကြိမ်ကြိမ်ရှာဖွေမှုများလုပ်ဆောင်ခဲ့ဖူးသော်လည်း ဖမ်းမိခဲ့ခြင်းမရှိကြောင်း ဓားပြမှုကျူးလွန်သူများမှာလည်း လက်နက်ကိုင်ဆောင်နိုင်သည့် စစ်ကောင်စီတပ်နှင့် ဆင်သတ်မုဆိုးများသာဖြစ်နိုင်ကြောင်း ချောင်းသာမြို့ခံအချို့က သုံးသပ်ပြောဆိုထားသည်။

#ချောင်းသာ #ကံကြီး #စစ်ကောင်စီတပ် #အုပ်ချုပ်ရေးမှူး #ဓားပြတိုက် #PDF #သတင်းလွှင့်

……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။