ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုက မြန်မာနိုင်ငံကို နိုင်ငံရေးအကျပ်အတည်း ဖြစ်စေခဲ့ပါတယ်။ နှစ်နှစ်ကြာလာတဲ့အချိန်မှာ နိုင်ငံရေးအကျပ်အတည်းက လူသားချင်းစာနာမှု အကျပ်အတည်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ မြန်မာ့လူဉီးရေထက်ဝက်ဟာ လုံလောက်တဲ့ အစားအစာမရရှိဘူးလို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် အရပ်သားနေအိမ် ၅၅၀၀၀ ကျော် ဖျက်ဆီးခံရတဲ့အပြင် ပြည်သူ ၁ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ခန့်မှန်းချေ ပြည်သူ ၇၀၀၀၀ ကျော်ဟာ ထိုင်း သို့မဟုတ် အိန္ဒိယ နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။ လာမယ့်လတွေအတွင်း မြန်မာစစ်တပ်က စစ်ဆင်ရေးအရှိန်မြှင့်မှာဖြစ်တာကြောင့် အငတ်ဘေးနဲ့ အိုးအိမ်စွန့်ခွာမှုတွေ ပိုများလာမှာဖြစ်ပါတယ်။

ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကသာ မြန်မာနိုင်ငံရှိ ပြည် သူတွေကို ကယ်တင်နိုင်မှာဖြစ်သလို ဒုက္ခသည်အကျပ်အတည်းကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ကီလိုမီတာ ၂၄၁၆ ထိစပ်နေတဲ့ ထိုင်းနိုင်ငံက မြန်မာ့အရေးဖြေ ရှင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

လူသားချင်းစာနာမှု အကူအညီ ပေးအပ်တာအပါအဝင် မြန်မာ့အရေး အဖြေတစ်ခုရှာဖို့ အာဆီယံအဖွဲ့က ကတိပြုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာ ပြောကြားခဲ့သလို မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ နိုင်ငံတကာရဲ့ ပူး ပေါင်းဆောင်ရွက်မှု ပိုမိုပါဝင်ဖို့ လိုအပ်ပါတယ်။

သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ရဲ့ ကတိကဝတ်က ဆက် လက်လုပ်ဆောင်ရမယ့် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့က တစ်ခု တည်းသော ဝင်ပေါက်မဖြစ်နိုင်သလို အာဏာသိမ်းစစ်ကောင်စီကလည်း တစ်ခုတည်းသော ပါဝင်ဆွေးနွေးသူ မ ဖြစ်နိုင်ပါဘူး။ စစ်ကောင်စီက မြန်မာ့ပိုင်နက်နယ်မြေ ၅၀ ရာခိုင်နှုန်းအောက်သာ ထိန်းချုပ်နိုင်ပါတော့တယ်။

ကျွန်တော် ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်း သားမဟာမိတ် တွေက မြန်မာ့ပိုင်နက်နယ်မြေ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းပြီးနောက်ပိုင်း NUG က အကူအညီတွေ ပေးအပ်လျက်ရှိပါတယ်။ အိုးအိမ်စွန့်ခွာမှုနဲ့ အငတ်ဘေးတွေ အဓိ ကဖြစ်ပွားရာ ချင်း၊ ကယား၊ ရခိုင်ပြည်နယ်တွေက ရန်ကုန်မြို့တော်ထက် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ် တွေနဲ့ ပိုမိုနီးကပ်ပါတယ်။

အဲဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့အ စည်းတွေက လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူတွေ သာယာဝပြောရေး ကို စိတ်မဝင်စားပါဘူး။ စစ်ကောင်စီက လိုအပ်နေသူထံ အကူအညီတွေ မရောက်ရှိအောင် တင်းကျပ်တဲ့ စည်းမျဉ်း တွေ ချမှတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ကျန်းမာရေးလုပ်သား ၆၀၀ နီးပါးကို အကျဉ်းချကာ ဒါဇင်နဲ့ချီတဲ့ ကျန်း မာရေးဝန်ထမ်းတွေကို သတ်ဖြတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်က အကူအညီပေးရေးယာဉ်တန်းတွေကို တိုက်ခိုက်ကာ စားသောက်ကုန်တွေကို မီးရှို့ပစ် ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်မှာ မြန်မာစစ်တပ်က ခရီးသွား ၃၅ ဉီးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ရာမှာ Save the Children မှ ဝန်ထမ်းနှစ်ဉီး ပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံ ခေါင်းဆောင်တွေ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ စိတ်မဝင်စားတာ သက်သေပြခဲ့တာ ကြောင့် စစ်ကောင်စီက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်မဝင်စားပါဘူး။

အကူအညီတွေ ပြည်သူတွေထံ မရောက်ရှိအောင် စစ်ကောင်စီက တင်းကျပ်စွာ ကန့်သတ်ထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂက ရန်ကုန်မြို့တော်ရှိ ပြည်သူ ၂ သန်းထံ အကူအညီတွေ ဖြန့်ဖြူးခဲ့ပါတယ်။ ရန် ကုန်မြို့တော်က ပြည်သူတွေထံ အကူအညီပေးယုံနဲ့ အလိုအပ်ဆုံး ပြည်သူတွေထံ အကူအညီ မရောက်ရှိနိုင်ပါဘူး။ မြန်မာစစ်ကောင်စီက လူသားချင်းဆိုင်ရာ ဘေးဒုက္ခတစ်ခု ဖန်တီးခဲ့ပါတယ်။

တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ကြိုးပမ်းမှုအနေနဲ့ စစ်ကောင်စီက စီးပွားရေး ပြိုလဲစေကာ ပြည်သူတွေက ဆင်း ရဲတွင်းနက်စေခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေးက ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ပြန်မ ကောင်းလာတော့ပါဘူး။ မြန်မာကျပ်ငွေတန်ဖိုးဟာ ထက်ဝက်ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကာ သန်းနဲ့ချီတဲ့ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပါတယ်။

စစ်ကောင်စီက ဇန်နဝါရီလအတွင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ရပ်ဆိုင်းချိန်အထိ ထောင်ပေါင်းများ စွာသော မြန်မာပြည်သူတွေဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ လစဉ် ထွက်ခွာခဲ့ပါတယ်။ မြန်မာပြည်သူထက်ဝက် နီးပါးဟာ ယခုအခါမှာ ဆင်းရဲမွဲတေမှုအောက် နေထိုင်နေရပါတယ်။ မြို့ပြဧရိယာတွေမှာ စစ်ကောင်စီက ထောင် ပေါင်းများစွာသော ပြည်သူတွေကိုနှင်ထုတ်ကာ သူတို့ရဲ့ သက်မွေးဝမ်းကြောင်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

Telenor၊ Kirin၊ Woodside Petroleum နဲ့ TotalEnergies အပါအဝင် အကြီးမားဆုံး နိုင်ငံတကာ ရင်းနှီး မြှပ်နှံသူတွေက မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပါတယ်။ အတိုက်အခံတွေကို ဖြိုခွင်းဖို့ရည်ရွယ်ကာ မြန်မာစစ်တပ်က အ ရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စင်းက စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဉီး သေဆုံးခဲ့ပါတယ်။

မြန်မာစစ်တပ်က ကျေးရွာတွေကို စနစ်တကျ မီးရှို့ကာ ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာ၊ မွေးမြူရေးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိက ဆန်စပါးစိုက်ပျိုးရာ စစ်ကိုင်းတိုင်းဒေသကြီးဟာ မြန်မာစစ်တပ်ရဲ့ မြေလှန်မီးရှို့စနစ်ကို ခံခဲ့ရပါတယ်။ လူပေါင်း ၁၄၀၀၀၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် လုပ်ဆောင်ခဲ့သလို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကို အာဆီ ယံအဖွဲ့က ဉီးဆောင်ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့ နိုင်ငံတကာက စစ်ကောင်စီကို ဆက် လက် ဖိအားပေးရမှာဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအကျပ်အတည်းကို ဖြေရှင်းလိုတဲ့၊ ဖြေရှင်းနိုင်တဲ့စွမ်းရည် ရှိတဲ့ မြန်မာမိတ်ဖက်အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်တာဟာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာဖြစ်ပါ တယ်။

မြန်မာမိတ်ဖက်အဖွဲ့အစည်းတွေထဲမှာ NUG၊ တိုင်းရင်းသားမဟာမိတ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ စုပေါင်းကြိုးပမ်းမှုမရှိရင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဆိုးကျိုးတွေက ဒေသတွင်းတိုင်း ပြည်တွေသာမက မြန်မာပြည်သူတွေကိုပါ သက်ရောက်စေမှာဖြစ်ပါတယ်။

ယနေ့ထုတ် Bangkok Post သတင်းစာမှာ NUG ယာယီသမ္မတကြီး ဒူဝါလရှီးလ ရေးသားထားတဲ့ Crisis in need of regional accord ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။