ဧရာဝတီတိုင်းမ်
မတ်လ၃ ရက်

စစ်ကောင်စီသည် တရုတ်နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ သံတွဲ ၊ဂွနှင့်အမ်းမြို့နယ်တို့တွင် ပထမဆုံးအကြိမ် လေအားလျှပ်စစ်စီမံကိန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားစီမံကိန်း ဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited၊ Yunnan Machinery and Equipment Import and Export Co,Ltd တို့အကြား မတ်လ ၁ ရက်နေ့က နေပြည်တော်၌ အစည်းအဝေးပြုလုပ်ကာ သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

စစ်ကောင်စီ၏ လေအား လျှပ်စစ်စီမံကိန်းသည် အမ်းမြို့နယ်တွင် ၁၅၀ မဂ္ဂါဝပ် သံတွဲမြို့နယ်တွင် ၁၁၀ မဂ္ဂါဝပ်နှင့် ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်သွားမည်ဟု စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကပြော ကြားထားသည်။

“ဒီလိုကိစ္စတွေကို ကျွန်တော်တို့လည်း သေသေချာချာလေ့လာထားတာမရှိတော့ ဒီစီမံကိန်းကြောင့် ဘယ်အရာတွေ ထိခိုက်မှုရှိနိုင်လဲဆုံးရှုံးနစ်နာမှုရှိနိုင်မလဲဆိုတာကို စေ့စေ့စပ်စပ်တော့မသိဘူး။ သတင်းတွေမှာဖတ်ဖူးသလောက် ဂျာမနီနိုင်ငံတို့မှာတော့ တိုးတက်ပြောင်းလဲမှုရှိတာတွေ့ရတယ်။ ရခိုင်မှာလည်း အောင်မြင်အောင်လုပ်နိုင် ရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် စီမံကိန်းအတွက် မြေယာတွေကို သူတို့ဖက်က ဘယ်လိုလုပ်ဆောင်မှာလည်း မသိဘူး။ ပြည်သူပိုင်မြေယာတွေကိုသိမ်းပြီး လုပ်မှာလား။ ဒါမှမဟုတ် တာဝါတိုင်တွေဆောက်သလိုမျိုး မြေယာတွေကို နှစ်ကြေးပေးပြီးငှါး မှာလားဆိုတာလည်းမသိရသေးဘူး။ ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘဲနဲ့ မြေယာတွေ ဆုံးရှုံးမှာကိုတော့ မလိုလားဘူး” ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဖေသန်းက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးစီမံကိန်း အခမ်းအနားသို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော အဖွဲ့နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့နေရာမှာ လျှပ်စစ်မီးကပုံမှန်မရဘူး။ ထမင်းချက်စားလို့လည်းမရဘူး။ အလုပ်လုပ်လို့လည်းမရဘူး။ အချိန်ပြည့်ပျက်နေတာ။ ဒီစီမံကိန်းတွေက ကျွန်တော်တို့ သိသလောက်ပြောရရင် တာဝါလိုစနစ်နဲ့သွားတာဆိုတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကမရှိဘူး။ ဒါကြောင့် စွမ်းအင်ဖူလုံရေးအတွက် ဒေသခံတယောက်အနေနဲ့တော့ ဝမ်းသာပါတယ်။ဒါပေမဲ့စီမံကိန်းကို တစ်ဝက်တပျက်နဲ့မရပ်ဘဲ အောင်မြင်အောင် အကောင်အထည်ဖော်လုပ်ပေးဖို့တော့လိုတာပေါ့” ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ လေအားလျှပ်စစ် စီမံကိန်း ၃ ခုကို လာမည့် ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ယခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #တရုတ် #လေအားလျှပ်စစ် #Ayeyarwaddy_Times