နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
(ဘုရားသုံးဆူ)၊ မတ်လ ၃ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ နယ်မြေရဲစခန်းကို PDF များက တိုက်ခိုက်ခဲ့ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်း/လေကြောင်းများဖြင့် စစ်အင်အား တိုးချဲ့ဖြည့်တင်းနေပြီး လက်ရှိတွင် ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဘုရားသုံးဆူ နယ်မြေရဲစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၆ နာရီခန့်က နဂါးနီစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ PDF တစ်ဦး ကျဆုံးသွားခဲ့ကြောင်း နဂါနီးစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“အဲဒီရဲစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ မနက် ၆ ၊ ည ၆ မာရှယ်လောလည်း ထုတ်ထားတာဆိုတော့ ညပိုင်း ၈/၉ နာရီနောက်ပိုင်းဆိုရင် သူတို့(စကစ) ကင်းပတ်တယ်။ သူတို့(စကစ) ကင်းပတ်ပြီးတာနဲ့ အိမ်တွေ ဖောက်ခံရတယ်။ သူတို့(စကစ) ဖောက်တာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒေသခံပြည်သူများ၏ ပြောပြချက်အရ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့နေအိမ် ၁၀ လုံးခန့်ကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများအား ခိုးယူသွားခဲ့ကြောင်း သိရသည်။
ထိုဘုရားသုံးဆူမြို့သည် အာဏာသိမ်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော ကြာအင်းဆိပ်ကြီးမြို့နယ်ထဲတွင် တည်ရှိပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့်ကို ယခုလ မတ်လ ၂၅ ရက်အထိ သက်တမ်းထပ်တိုးထားသည်။
“သူတို့(စကစ)ကတော့ မြေပြင်ရော၊ လေကြောင်းနဲ့ရော အင်အားတိုးထားတယ်။ ပြီးတော့ ညပိုင်းတွေဆိုရင် သူတို့(စကစ)က မြို့ပေါ်မှာ ဒရုန်းတွေ တောက်လျှောက်လွှတ်ထားတယ်။ ဒီမှာတော့ စစ်ကောင်စီဂိတ် သိပ်မရှိဘူး။ ဘုရားသုံးဆူမှာ တပ်ကုန်းဆိုတာ ရှိတယ်။ အဲဒီထဲမှာ အင်အားလည်း ဖြည့်ထားတယ်။ လေကြောင်းနဲ့လည်း ရိက္ခာပို့တာတို့၊ ပစ္စည်းထောက်ပံ့တာတို့ ရှိတယ်” ဟု အသက် ၃၀ ကျော် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွါးခဲ့သော ဘုရားသုံးဆူ နယ်မြေရဲစခန်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးထဲတွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၉၇ မှ ဗိုလ်မှူး ဗညားဇော်လည်း ပါဝင်ပြီး ၎င်းအလောင်းအား မိသားစုမှ ပြန်မရဘဲ နာရေးလုပ်ရသည်ဟု ဇနီးဖြစ်သူက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
“သေသွားတဲ့ သူတွေ(စကစ)ကို တပ်ကုန်းထဲမှာပဲ မြေမြှုပ်မီးရှို့တာတွေ လုပ်ပြီးတော့ အမိန့်စာပြန်တာတွေ ရှိခဲ့တယ်။ ကျန်တာတော့ သေချာမသိဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယင်းအပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရဲစခန်းဝန်းထဲရှိ ပြည်သူများဆီမှ ပိုက်ဆံကောက်နေသည့် ဂိတ်လည်း မီးလောင်ပြာကျသွားကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အလားတူ ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၂) နေ အပြစ်မဲ့ပြည်သူ လူငယ်အမျိုးသား ၁ ဦးအား PDF များကို ကူညီထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ BGF တပ်တို့မှ မတရားဖမ်းဆီး ခေါ်ဆောင်သွားရာ လက်ရှိအချိန်ထိ မည်သည့်အဆက်အသွယ်မှ မရရှိသေးကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်ကျော်ခန့်ကလည်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းဖြစ်သော တပ်ကုန်းရှေ့တွင် ၎င်းတို့လုံခြုံရေးအတွက် အစီးအနင်းချထားသည့် တိုက်ဗုံးတစ်ခုကို ကားနှင့်ဆိုင်ကယ် ရှောင်တိမ်းရာမှ ထိမိပေါက်ကွဲပြီး ဒေသခံ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီမှာ လူတော့မချထားဘူး၊ အစီးအနင်းတော့ ချထားတယ်။ တိုက်ဗုံးပေါ့။ အဲဒါကို ကားနဲ့ဆိုင်ကယ် ရှောင်တဲ့အချိန်မှာ ဆိုင်ကယ်က သွားထိမိပြီး ပေါက်ကွဲသွားတယ်။ အဲဒီမှာတင် ဒေသခံ လင်မယား ၂ ယောက်စလုံး သေသွားတယ်။ ထိတာကတော့ ၃ ဦး ထိတာပေါ့။ ၁ ဦးကတော့ ဒဏ်ရာရတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၂ နှစ်အတွင်း ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၂၂၀ ဦးသေဆုံးကာ ၉၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်းချိန်မှစတင်၍ ယခုနှစ် ဖေဖော်ဝါရီလအထိ ကရင်ဒေသများရှိ စစ်ဘေးရှောင်ဦးရေမှာ ၅ သိန်းကျော်အထိ ရှိလာပြီး ဒူးပလာယာခရိုင်တွင် ကိုးသောင်းကျော်ရှိကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)၏ ထုတ်ပြန်ချက်အရ သိရသည်။