ဧရာ၀တီတိုင်းမ်
မတ်လ ၃ ရက်
စစ်ကောင်စီနှင့်ပူးပေါင်းကာ ပါတီမူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသည့် ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းအပါအ၀င် ပါတီ၀င် လေး ဦးကို ပါတီမှ အပြီးပိုင်ထုတ်ပယ်လိုက်ကြောင်း ယနေ့ မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။
ပါတီ၀င်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိသည့်အပြင် ပါတီ၏ရပ်တည် ချက်တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်၍ လည်းကောင်း၊ စစ်အာဏာရှင်အလိုကျ လိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာလုပ် ဆောင်နေကြကြောင်းခိုင်လုံသည့် အထောက်အထား များ ရရှိထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ပါတယ် ပါတီကနေပြီး ဗဟိုအလုပ်ကော်မတီရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ အခုလိုထုတ်ပယ်ခဲ့တာပါ။ အဖွဲ့ချုပ်ပေါ်မှာ လုပ်ခဲ့တာတွေက မဟုတ်မမှန်ထွက်ဆို ခဲ့တာတွေအပြင် ကိုယ်ကျိုးရှာ မူဝါဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ပြီးတော့ ခေါင်းဆောင်နဲ့ နေပြည်တော်အကျဉ်းထောင်မှာ တွေ့ခွင့်ပေးခံရသူတွေကလည်း ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ပဲဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် NLD ပါတီ၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
NLD ပါတီဝင် အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ခံရသူများမှာ ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ် အမှုဆောင်အဖွဲ့၀င်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီ၀င်)၊ ဦးတိုးလွင် (ဗဟိုကော်မတီ၀င်)၊ ဦး၀င်းမြင့်အောင်(ဗဟိုကော်မတီ၀င်) ၄ ဦးတို့ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်း၀န်းကြီးချုပ်ဟောင်း တာ၀န်ထမ်းဆောင်ခဲ့ပြီး စစ်တပ်မှ အာဏာ သိမ်းပြီးနောက် NLD ပါတီ၏ ပြည်ထောင်စုနှင့် ပြည် နယ်၀န်ကြီးတွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း ၎င်းကိုမူ စစ်ကောင်စီဘက်မှ သက်သေထွက်ဆိုသဖြင့် ဒဏ်ငွေ တစ်သိန်းကျပ်ဖြင့်သာ အမှုအားလုံးပြီးပြတ်စေခဲ့သည်။
ဒေါ်စန္ဒာမင်းသည် ၂၀၁၅ ခုနှစ်က ဆိပ်ကြီးခနောင်တို မြို့နယ်မှနေ၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ ရသည်။ NLD အစိုးကလက်ထက်တွင် ရန်ကုန်လွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ဦးတိုးလွင်သည် ဧရာ၀တီတိုင်းဒေသကြီး အလုပ်မှုဆောင်အဖွဲ့ ရဲ့ ဒုတိယဥက္ကဌဟောင်း တစ်ဦးဖြစ်ပြီး ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့သည် စစ်ကောင်စီမှ ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ NLD ပါတီရုံး ပြန်ဖွင့်ရန်အတွက် စစ်ကောင်စီ၏ အကျဉ်းချခံထားရသည့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်မှ တွေ့ဆုံရန် ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများ နှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီမူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများကို အရေးယူရန် တင်ပြလာသည့်အတွက် ၎င်းတို့ကိုပါတီမှ ပေးအပ်ထားသည့် တာ၀န် များကို ရပ်ဆိုင်းသည့်အပြင် ပါတီ၀င်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်ဟု ပါရှိ သည်။
၎င်းတို့၏ ပြောဆိုဆောင်ရွက်မှုများသည် အဖွဲ့ချုပ် နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း ဗဟိုအလုပ်ကော်မတီက အသိပေး ထားသည်။
#NLDပါတီ #ဗဟိုအလုပ်ကော်မတီ #ဦးဖြိုးမင်းသိန်း #ဒေါ်စန္ဒာမင်း #ဗဟိုကော်မတီဝင်၄ဦး #အပြီးပိုင်ထုတ်ပယ် #Ayeyarwaddy_Times