ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်မှာ မတ်လ ၂ ရက်နေ့က ဒေသတွင်းက တော်လှန်ရေးအင်အားစုတွေ ရှိနိုငမယ့်နေရာတွေကို စစ်ကြောင်းထိုးရှာဖွေနေတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်ရှိသူ အပါဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မဲဇလီကုန်းဒေသ နတ်ပုတီးတောင်ကြောရိုးမအတွင်းကို စစ်ကြောင်းထိုး၀င်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၂ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ စစ်ဗိုလ်အပါအ၀င် ၄ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

” မတ်လ ၁ရက်နေ့ က စစ်ကောင်စီတပ်တွေ ခုံကြီးအုပ်စု မကျီးပင်ချောင်းဖျားမှာညအိပ်စခန်းချနေတယ်၊ သတင်းရထဲက တောထဲကိုစစ်ကြောင်းထိုးမယ်ဆိုတာသိလို့ တိုက်မိုင်းဆင်ထားတာ၊ သူတို့မိုင်းနဲ့တည့်တည့်တိုးတာပဲ”လို့ စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

မိုင်းဆင်တိုက်ခိုက်မှုကို စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)နှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့ကပြုလုပ်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ဗိုလ်တစ်ဦးအပါ လေးဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စွန်ရဲနီနွေဦးတော် လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ၁ရက်နေ့က မကျီးပင်ကွင်းကျေးရွာကို စစ်ကားအကြီးတစ်စင်းနဲ့ စစ်ကောင်စီတပ်သား၂၃ ဦးရောက်ရှိလာတာမြင်တွေ့ရပြီး နောက်တနေ့ညနေပိုင်းမှာ အင်္ဂပူမြို့ဘက်က လူနာတင်ကားများရောက်ရှိလာပြီးစစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်သွားတာမြင်တွေ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

မတ်လ ၃ ရက်နေ့မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ သစ်တော နေရာပတ်လည်ကိုစစ်ကောင်စီရဲ့ ရဟတ်ယာဥ် ၂ စီးပျံဝဲနေခဲ့ပြီး အင်္ဂပူမြို့နယ်ကပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#အင်္ဂပူ #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲခံရ #လေးဦးသေဆုံး #Ayeyarwaddy_Times