ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ မတ်လ ၂ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအားမီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ကျောက်လုံးကြီး KLG တပ်မဟာနှင့် ပူးပေါင်းအဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကုန်းရွာအားမီးရှို့ဖျက်ဆီးခဲ့သည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းအား ကုန်းရွာနှင့်စားဝောာ်ပြင်အကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ နှင့်အထက်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း KLG တပ်မဟာထံမှ သိရသည်။
“ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စကစများ မီးရှို့ပီးအထွက်မှာ ထိတွေ့တိုက်ပွဲဖြစ်တာဗျ။ အင်းအား ၁၀၀ ကျော်ရှိမယ်။မီးရှို့ပီးအထွက်မှာ အပိုင်စောင့်ပီး တိုက်ခိုက်ခဲ့တာဗျ။ စစ်ကောင်စီတပ်သားတွေ အထိနာဝောာ့ MI 35 နဲ့ပါလာပစ်တယ်။ ရဟတ်ယာဉ်လာပစ်တာကတော့ ၁၀ နာရီဝန်းကျင်လောက်မှာ လာပစ်တာ။” ဟု KLG တပ်မဟာတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု ၂ နာရီကျော်ဖြစ်ပွားခဲ့ပြီး ယင်းမာပင်မြို့ပေါ်မှ စစ်ကောင်စီတပ်များမှ ၁၂၀ မမ လက်နက်ကြီးများပစ်ကူခဲ့သဖြင့် မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့ကြောင်း လည်းသိရသည်။
အဆိုပါတိုက်ပွဲအား KLG PDF၊ ULF(မဟာမိတ်တပ်ပေါင်းစုမှ) အဖွဲ့ဝင်များဖြစ်ကြသော DBTF၊ Alpha Special Force၊ Truth Of Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local (PDF)၊ Triple Two၊
ရိုးမဖိုက်တာတပ်ရင်း(ဗိုလ်မုတ်ဆိတ်တပ်ခွဲ)၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်းတိုက်ဂါးForce၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ GZ 21(Yinmarbin)၊ Yinmarbin PDA၊ B 21 (PDF)၊ MRDA တပ်ရင်း (Double K) မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
စစ်ကောင်စီလက်အောက်ခံတပ်သားများသည် အိမ်ခြေ ၇၀၀ ကျော်ရှိသည့် ကုန်းရွာအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညတွင် မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၆၀၀ နှင့်အထက်လောင်ကျွမ်းခဲ့ပြီး ပြည်သူ ၃ ဦးအားလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။