နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မတ်လ ၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေက အစိမ်းရောင် ပြောက်ကျားဝတ်စုံတွေ ဝတ်ပြီး လူစည်ကားတဲ့နေရာတွေမှာ ခရာမှုတ်ချင်သလို မှုတ်ပြီး စစ်ဆေးတာတွေပြုလုပ်နေလို့ ဒေသခံတွေထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်အဖွဲ့မှာ စစ်မှုထမ်းဟောင်း၊ ပျူစောထီး၊ မဘသနဲ့ သတင်းတွေအများဆုံးပါဝင်ပြီး စစ်ကောင်စီတပ်က တုတ်နဲ့ ယူနီဖောင်းထုတ်ပေးပြီးနောက်ပိုင်း ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
”ခုက စျေးတွေမှာဆိုးလည်း ဝင်စစ်ချင်သလို စစ်နေတာ၊ ခရာလည်း မှုတ်ချင်သလိုမှုတ်တာ နှလုံးရောဂါ အခံရှိရင် နှလုံးပါ ရပ်သွားနိုင်တယ်၊ လမ်းသွားရင်လည်း အဲ့လိုပဲ တားချင်တဲ့နေရာ ထွက်တား ထွက်မှုတ်တာ၊ ဆိုင်ကယ်တွေမှောက်မှာတောင် ကြောက်ရတယ်”လို့ ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်တွေက ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတဲ့ အခါမှာလည်း မှုတ်ချင်တဲ့နေရာမှာ ထွက်မှုတ်ပြီး တားဆီးစစ်ဆေးတာတွေပြုလုပ်နေတာကြောင့် ဆိုင်ကယ်မှောက်မှာကို စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ အင်အားလျော့နည်းလာပြီးနောက်ပိုင်း ပြည်သူ့စစ်တွေက နေရာတော်တော်များများတွေ့လာရပြီး ပြည်သူတွေ အပေါ်အနိုင်ကျင့်တာတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မအူပင် #ပြည်သူ့စစ် #ခရာမှုတ် #ပြည်သူများထိတ်လန့် #Ayeyarwaddy_Times